ကိုးလ်ပါလ်မာ မရှိရင် ချဲလ်ဆီးဟာ ဒီထက် ပိုကောင်းနိုင်တယ်လို့ သုံးသပ်သွားတဲ့ လီဗာပူး ဂန္တဝင်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် ပိတ်သိမ်းခါနီးမှာ မန်စီးတီး အကယ်ဒမီထွက် အင်္ဂလန် ကြယ်ပွင့် ကိုးလ်ပါလ်မာကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပြီး ၊ ထိုစဉ်က ပါလ်မာ တယောက် အခုလို Signing of the Season ကစားသမားမျိုး ဖြစ်လာဖို့ ချဲလ်ဆီး ပရိသတ် တဦးတယောက်မှ မမျှော်လင့်ခဲ့မှာ သေချာပါတယ် ။

ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၂၅ကြိမ် အထိ စွမ်းဆောင်ထားပြီး ဒါဟာ ဥရောပ တလွှား ယူ၂၁ ကစားသမားတွေ အနက် အကောင်းဆုံး မှတ်တမ်း ဖြစ်ပါတယ် ။ ချဲလ်ဆီးဟာ ဒီရာသီမှာ ပါလ်မာကို မခေါ်ခဲ့ဘူးဆိုရင် တန်းဆင်းဇုန် တိုက်ပွဲ ဝင်နေရပြီ ဆိုတာ ထိုမှတ်တမ်းက သက်သေတည်နေပါတယ် ။

တဖက်မှာ ပါလ်မာသာ မရှိခဲ့ရင် ချဲလ်ဆီးဟာ ပါလ်မာ တဦးတည်းကို အားကိုးမှာ မဟုတ်ပဲ ၊ အသင်းလိုက် ကစားဟန် တောင့်တင်းအောင် တည်ဆောက်ပြီး ၊ ပိုကောင်းတဲ့ အသင်း တသင်း ဖြစ်လာနိုင်တယ် ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ် ။

လီဗာပူး ဂန္တဝင် တောင်ပံကစားသမားဟောင်း ဂျွန်ဘန်းစ်ကတော့ ချဲလ်ဆီးဟာ ပါလ်မာကို မခေါ်ခဲ့ရင် ၊ ဒီထက် ပိုကောင်းချင်လည်း ပိုကောင်းလာနိုင်ကြောင်း Bonus Code Bet ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံရာမှာ သူ့ရဲ့ ထင်မြင်ချက်ကို အခုလို ချပြသွားပါတယ် ။

ဂျွန်ဘန်းစ် က ” ကိုးလ်ပါလ်မာသာ မကစားနေရပဲ ၊ တခြားတယောက်က သူ့နေရာမှာ ကစားပေးနေမယ်ဆိုရင် ချဲလ်ဆီးဟာ ဒီထက် ပိုမကောင်းလာနိုင်ဘူးလားလို့ တယောက်ယောက်များ မတွေးမိကြပါဘူးလား ? ကျွန်တော်တို့ မသိနိုင်ပါဘူး ။ ”

” သူတို့ဟာ အမှတ်ပေးဇယားမှာ ဒီထက် ပိုမြင့်မြင့် ရောက်ချင်လည်း ရောက်သွားနိုင်ပါတယ် ။ ဒါဟာ တဦးချင်း ကစားသမားတွေနဲ့ သက်ဆိုင်တဲ့ မေးခွန်းမျိုး မဟုတ်ပါဘူး ။ သူသာ မကစားနေဘူးဆိုရင် ချဲလ်ဆီးဟာ ဒီထက် ပိုဆိုးသွားမယ် ဆိုပြီး ကျွန်တော် ထင်မြင်ချက် ပေးနေကြတာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘာမှ မသိနိုင်လို့ပါ ။ ”

” ချဲလ်ဆီး အတွက် သူ အမှန်တကယ် ခြေစွမ်းပြ ကစားနေတယ် ဆိုတာ ကျွန်တော်တို့ သိထားကြပါတယ် ။ ဒါပေမယ့် ကော်တင်ညို လီဗာပူးမှာ ကစားခဲ့တုန်းက သူဟာ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။ သူ ထွက်သွားတော့ လီဗာပူးဟာ ပိုတောင်မှ ကောင်းတဲ့ အသင်း တသင်း ဖြစ်လာခဲ့ပါတယ် ။ ”

” ဟယ်ရီကိုလည်း ကြည့်ပါ ။ သူ တော့တင်ဟမ်က ထွက်သွားတော့ ကိန်း မရှိတဲ့အခါ တော့တင်ဟမ်က ပိုကောင်းတဲ့ အသင်း ဖြစ်လာမလား ၊ မဖြစ်လာဘူးလား ဆိုပြီး ခင်ဗျားတို့ ငြင်းခုံခဲ့ကြဖူးပါတယ် ။ ဒီလိုပဲ ကိုးလ်ပါလ်မာသာ မရှိခဲ့ရင် ချဲလ်ဆီးဟာ ပိုဆိုးတဲ့ အသင်း တသင်း ဖြစ်ကောင်းဖြစ်လာနိုင်မလား ဆိုတာ ကျွန်တော် ပြောလို့ မရပါဘူး ။ ”

” ပါလ်မာ မရှိခဲ့ရင် သူတို့ဟာ အသင်းလိုက် အနေနဲ့ ပိုကောင်းအောင် ကစားကောင်း ကစားသွားနိုင်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ပါလ်မာဟာ ချဲလ်ဆီးမှာ ကြီးကျယ်တဲ့ ဘောလုံးရာသီ တခု သေချာပေါက် ဖြတ်သန်းနေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR