အသင်းဟောင်း အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရမယ့်အတွက် အလွန်အမင်း ပျော်ရွှင်နေတယ်လို့ ဖွင့်ဟလာတဲ့ နာဘရီ

 

ဘိုင်ယန်မြူးနစ် အသင်း ရဲ့တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ နာဘရီ က ဒီတစ်ပတ် ကြားရက် အမ်းမရိတ်ကွင်းမှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်း နဲ့ ပြန်လည် ရင်ဆိုင် ကစားရမယ့် အပေါ် ရင်ခုန် စိတ်လှုပ်ရှားနေမိကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

နာဘရီ ဟာ လက်ရှိ အာဆင်နယ် အသင်း နည်းပြ အာတီတာ နဲ့ ၂၀၁၂ ခုနှစ်တုန်းက အတူ တွဲကစားခဲ့ဖူးပြီး အဲ့ဒီ အချိန်တုန်းက နာဘရီ ဟာ ၁၆ နှစ်သာ ရှိသေးတဲ့ လူငယ် ကြယ်ပွင့်လေး တစ်ဦးပါ ။ နာဘရီ က ဘိုင်ယန်မြူးနစ် အသင်း website နဲ့ အင်တာဗျူးမှာ အာတီတာ နဲ့ ပြန်လည် ရင်ဆိုင်ရမယ့် အပေါ် ” အာတီတာ က လက်ရှိ အချိန်မှာ နည်းပြ တစ်ဦး အဖြစ် ကောင်းကောင်းလုပ်ပြနေပြီး ပွဲတိုင်းကို နည်းဗျူဟာကျကျ ကိုင်တွယ် နေပါတယ် ။ ”

” ကျနော် အာဆင်နယ် မှာ ရှိစဉ်ကတည်းက သူက ဝါရင့် ကစားသမား ၊ အားလုံး နဲ့ ဆက်သွယ် ပြောဆိုပြီး အသင်းကို ဦးဆောင်နေတဲ့ အသင်း ခေါင်းဆောင် တစ်ဦး ဖြစ်နေခဲ့တာပါ ။ နောက်ပြီး သူက လူငယ် ကစားသမားတွေကိုလည်း အကြံဉာဏ်တွေ အများကြီး ပေးပြီး အကူအညီ ပေးခဲ့ပါတယ် ၊ သူ့ရဲ့လမ်းညွှန်မှုတွေကြောင့် ကျနော်တို့ ပွဲအပေါ် လုံးဝ အာရုံစိုက်ပြီး အစွမ်းကုန် ပေးဆပ် ကစားတတ်လာခဲ့တာပါ ။ ”

” အာဆင်နယ် အသင်းကလည်း ကာလရှည်ဝေးကွာနေခဲ့တဲ့ ထိပ်တန်း အဆင့်ကို ပြန်လည် ရောက်ရှိ လာခဲ့တဲ့ အသင်းပါ။ လက်ရှိ သူတို့ အသင်းမှာ ခိုင်မာတဲ့ အသွင်အပြင် ၊ခွန်အားတွေ ရှိနေပါတယ် ၊ ဒါပေမဲ့ အနိုင်‌ရနိုင်ခြေကတော့ ၅၀-၅ဝ ပါပဲ ၊ သူတို့က သူတို့ရဲ့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာဆို ကြောက်စရာ သိပ်ကောင်းတဲ့ အသင်းပါ ။ ”

” အသင်းကောင်း နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ်ဆိုတော့ ခက်ခဲပါလိမ့်မယ် ။ do or die ပွဲပါ ၊ ကျနော်တို့ အသင်းကလည်း အတော်လေး အင်အား တောင့်တင်းတဲ့ အသင်းပါ ၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်း နိုင်တာက အများကြီး အားတက် စရာ ဖြစ်စေပါလိမ့်မယ် ၊ ဒါက ကျနော်တို့ရဲ့ ပန်းတိုင်ပါပဲ ။ ”

” ကျနော်ကိုယ်တိုင်လည်း ရင်ခုန် စိတ်လှုပ်ရှား နေပါပြီ ။ မဲခွဲတုန်းကလည်း အာဆင်နယ် နဲ့ တွေ့မယ်လို့ ကျနော် ပြောခဲ့ဖူးပါတယ် ၊ ရှစ်နှစ်အကြာမှာ အာဆင်နယ် အသင်းဆီ တစ်ကျော့ပြန် ပြန်လာရမှာ ဖြစ်တဲ့ အတွက် အလွန်အမင်း ဝမ်းသာ ပျော်ရွှင် မိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM