ဘိုင်ယန်မြူးနစ် ကစားသမား ၆ ဦးကို သတိထားဖို့ လိုအပ်တယ်လို့ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ဂျေးဇု

အာဆင်နယ် အသင်း တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု က ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီရာသီမှာ ပုံစံကောင်း ရဖို့ ရုန်းကန် နေရပေမယ့် အန္တရယ် ရှိတဲ့ အသင်း တစ်သင်း အဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ဂန်းနားတို့ သတိထားရမယ့် ပြိုင်ဘက် ကစားသမား ၆ ဦး ကို ရွေးချယ် သွားခဲ့ပါတယ် ။

ဂျေးဇု က ဘိုင်ယန်မြူးနစ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” ဘိုင်ယန်မြူးနစ် အသင်း ရဲ့ သမိုင်းကြောင်း အကြောင်း လူတိုင်း သိကြမှာပါ ။ သူတို့က ချန်ပီယံလိဂ်မှာရော ဘွန်ဒက်စ်လီဂါ မှာပါ ချန်ပီယံဆုတွေ အများကြီး ရထားတဲ့ အသင်းပါ ။ အားလုံးက သူတို့ရဲ့ အရည်အသွေး ၊ ကစားသမားတွေရဲ့ အရည်အသွေး အကြောင်း သိပြီးသားပါ ။ ”

” သူတို့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲ ၊ နှစ်ပွဲ သုံးပွဲမှာ ဘယ်လို ရလဒ် ထွက်ထွက် ဘယ်လောက်ပဲ ရုန်းကန် နေရပါစေ ဘိုင်ယန် က ဘိုင်ယန် ဖြစ်နေဆဲပါ ၊ သူတို့က အသင်းတိုင်းကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ် ၊ ဒီအကြောင်းကို ကျနော်တို့ အနေနဲ့ တွေးထားဖို့ လိုအပ်ပါတယ် ။ ”

” ဟယ်ရီကိန်း ရဲ့အရည်အသွေးကို အားလုံးလည်း သိကြမှာပါ ။ ကျနော့်အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံး အဆုံးသတ် ဂိုးသွင်းယူသူပါပဲ ၊ ဒါကြောင့် သူ့လို ကစားသမားမျိုးနဲ့ ရင်ဆိုင် ကစားရတာ သိပ်ကောင်းပါတယ် ၊ ပွဲထဲမှာ သူ တိတ်ဆိတ်နေအောင် အသင်း အနိုင်ရအောင် ကျနော်တို့ ကြိုးစား သွားမှာပါ ။ ”

” ဟယ်ရီကိန်း မှ မဟုတ်ပါဘူး ။ ဘိုင်ယန်မြူးနစ် အသင်းမှာ ဆာနေး ၊ မူစီယာလာ ၊ ကိုးလ်မန်း ၊ မူလာ ၊ ဂနာဘရီ တို့လို ကစားသမားကောင်းတွေ အများကြီး ရှိနေပါသေးတယ် ။ သူတို့မှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီး ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM