ရှက်ဖီးလ်ကို စိတ်ပျက်ဖွယ် သရေကျအပြီး ချဲလ်ဆီး အဝတ်လဲခန်း အနေအထား အကြောင်း အမှန်အတိုင်း ဖွင့်ဟလာတဲ့ မက်ဒူးကီ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ရှက်ဖီးလ်ယူနိုက်တက် အသင်းကို အဝေးကွင်းမှာ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ စိတ်ပျက်ဖွယ် တဖက် ၂ဂိုးစီ သရေ တမှတ်သာ ရခဲ့ပါတယ် ။ ဒါဟာ အဆင့် ၂၀ က တန်းပြန်ဆင်းဖို့ အနီးစပ်ဆုံး ဖြစ်နေတဲ့ တန်းတက်အသင်းကို ခြေအသာ မကစားနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ် ။

အဖွင့်ဂိုးကို ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားထံမှ ချဲလ်ဆီးတို့ စောစောစီးစီး ရခဲ့ပေမယ့် ၊ ပွဲကို သက်တောင့်သက်သာ ထိန်းချုပ်နေရာကနေ ပြိုင်ဖက်ကို လက်လွတ်စပယ် ချေပဂိုး ပြန်ပေးခဲ့ရပါတယ် ။ ဒုတိယပိုင်းမှာလည်း တောင်ပံကစားသမား နွန်နီ မက်ဒူးကီထံကနေ ဦးဆောင်ဂိုး ထပ်မံ စွမ်းဆောင်ခဲ့ပေမယ့် ၊ ခြင်္သေ့ပြာတို့ ပွဲပြီးခါနီး နာကျင်အချိန်ပို ၂မိနစ်အထိပင် အနိုင်ရလဒ်ကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး ။

ပွဲအပြီး BBC Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ မက်ဒူးကီက ချဲလ်ဆီး အသင်းသားတွေ အားလုံး အဝတ်လဲခန်းထဲမှာ စိတ်ပျက်ပြီး တိတ်ဆိတ်နေခဲ့ကြကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟရင်း ၊ ဘယ်သူမပြု မိမိမှု ဖြစ်နေတဲ့ ခံစစ်အမှားကျူးလွန်ခြင်းတွေကိုလည်း ရပ်တန့်ပစ်ရတော့မှာ ဖြစ်ကြောင်း အသင်းဖော်တွေထံ မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

မက်ဒူးကီ က ” အရိုးသားဆုံး ပြောရရင် ( အဝတ်လဲခန်းက ) တိတ်ဆိတ်နေခဲ့တာပါ ။ ဟုတ်ပါတယ် ။ ကျွန်တော်တို့ ဒီနေ့ပွဲကို နိုင်ခဲ့သင့်ပါတယ် ။ ကျွန်တော်တို့ ရမှတ်တွေ ဆုံးရှုံးနေတဲ့ ပုံစံက တခါတလေ ကိုယ့်လက်ထဲမှာ ရှိတဲ့ အနေအထားတွေကနေ လွတ်ကျနေတာမျိုးတွေ ဖြစ်နေတာပါ ။ ”

” နောက်ထပ် ကစားဖို့ ပွဲတွေ ကျန်ပါသေးတယ် ။ ကျွန်တော်တို့ အတူတကွ တိုက်ပွဲဝင်ရပါမယ် ။ ကျွန်တော်တို့ အဆုံးသတ် ရပ်တည်လိုတဲ့ အဆင့်မှာ ရာသီအကုန်ကျရင် ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒီလို အမှတ်လျော့တာတွေကို အနှေးနဲ့ အမြန် ရပ်တန့်ပစ်ရပါမယ် ။ ”

” တချို့သော အပေါင်းလက္ခဏာ ဆောင်တဲ့ အရာတွေတော့ ရှိနေတာ သေချာပါတယ် ။ ရှက်ဖီးလ် ယူနိုက်တက်နဲ့ ပွဲဟာ အမြဲတမ်း ခက်ခဲလေ့ရှိပြီး ၊ မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ကစားရတာနဲ့ ကွဲပြားခြားနားမှု ရှိပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အနိုင်ရခဲ့သင့်ပြီး ၊ အဆုံးမှာလည်း ကျွန်တော်တို့ အနိုင်ရတဲ့ပုံ ပေါ်ခဲ့ပါတယ် ။

” ဒါပေမယ့် ပွဲအပြီးမှာ လိုအပ်တဲ့ ရလဒ်ကို မယူဆောင်နိုင်ခဲ့ပါဘူး ။ ကျွန်တော်တို့ရဲ့ Archilles heel ( အားနည်းချက် ) ဖြစ်နေပါတယ် ။ ရလဒ်ကောင်း တခု ရအပြီး နောက်တပွဲမှာဆို ကျွန်တော်တို့ ရောင်းပစ်နေခဲ့တာပါ ။ ရှေ့တပွဲမှာတုန်းက ကျွန်တော်တို့ဟာ အံ့သြဖွယ် ရလဒ် တခု စွမ်းဆောင်နိုင်ခဲ့ပြီး ၊ ဒါကို ဆက်ထိန်းဖို့ လိုခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ သရေကျခဲ့တဲ့ ပုံစံက အခရာကျခဲ့တာပါ ။ ပြိုင်ဖက်ကို ချီးကျူးပါတယ် ။ သူတို့ဟာ အမှတ်ပေးဇယား အောက်ဆုံး ရောက်နေပြီး ၊ တိုက်ပွဲဝင်နေကြပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့မှာ ၃မှတ် အပြည့် ရိတ်သိမ်းနိုင်ခဲ့သင့်တာတော့ အမှန်ပါပဲ ။ ”

” ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ ၊ ဒါက အချင်းချင်း သတ်နေကြဖို့ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အတူတကွ တိုက်ပွဲဝင်ရမှာပါ ။ နောက်ထပ် ၈ပွဲကစားဖို့ ကျန်ပါသေးတယ် ။ ၂၄မှတ် အထိ ရဖို့ အခွင့်အရေး ရှိနေပါသေးတယ် ။ ကျွန်တော်တို့ အနေနဲ့ အမှတ် အကုန်လုံး မရနိုင်ရင်တောင် ၊ ရနိုင်သလောက် ယူဖို့ စိတ်ပိုင်းဖြတ်ထားရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR