ရှက်ဖီးလ်ကို သရေသာ ကစားနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအား ပြုပြင်ဖို့ အချိန် ဘယ်နှနှစ် ယူရမလဲ ဆိုတာ ဖွင့်ဟလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယား အောက်ဆုံးက ရှက်ဖီးလ်ယူနိုက်တက် အသင်းကို နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ ချေပဂိုးကြောင့် တဖက် ၂ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ် ။

ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့တာကလွဲရင် ကျန်တဲ့ နေရာတွေမှာ အားရစရာ ထွေထွေထူးထူး မရှိခဲ့တာကြောင့် ကြားရက်က မန်ချက်စတာ ယူနိုက်တက်နဲ့ နိုင်ပွဲအပြီး ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို တယောက် ဖိအားတွေအောက် တဖန် ပြန်လည်ကျရောက်လာပြန်ပြီ ဖြစ်ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုဟာ ချဲလ်ဆီးရဲ့ ပြန်လည် တည်ဆောက်ရေး အကြောင်းကို အဓိကထား ဆွေးနွေးသွားကာ ၊ ငယ်ရွယ်ပြီး အတွေ့အကြုံနုတဲ့ အသင်း တသင်းကို ပြန်လည် ထူထောင်ဖို့ဆိုရင် ၃နှစ်ကနေ ၅နှစ် အချိန်ယူရနိုင်တဲ့ အကြောင်း ဆင်ခြေပေးသွားခဲ့ပါတယ် ။

ပိုချက်တီနို က ” ကျွန်တော်တို့ အချင်းချင်း အများကြီး ဆွေးနွေးစကားပြောကြပါတယ် ။ ဒါဟာ သင်ယူလေ့လာနေဆဲ ကစားသမား အများအပြား ရှိနေတဲ့ အသင်းသစ် တသင်း ဖြစ်ပါတယ် ။ ဒါကြောင့် တခါတလေ အတွဲအဖက် မိဖို့ ၊ တိုးတက်မှု အရှိန်အတွက် အမြဲတမ်း အချိန်ယူရတတ်ပါတယ် ။ ”

” ဒါဟာ မျက်လှည့် အရာတခု မဟုတ်ပါဘူး ။ ဒါက စီမံကိန်း တခုပါ ။ အချိန် ၃နှစ်ကနေ ၅နှစ်အထိ ယူပြီး တည်ဆောက်ရမယ့် အသင်း တသင်း ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိနေပါတယ် ။ ”

” အစပိုင်းမှာ ကျွန်တော်တို့ဟာ နေရာကောင်း တခုမှာ ရှိမနေခဲ့ပါဘူး ။ ဒါက ကြုံတွေ့ရတတ်တဲ့ ၊ ကျွန်တော်တို့ လက်ခံဖို့ လိုမယ့် သာမန် ဖြစ်ရပ်တခုသာ ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ ဒီလို ပြဿနာကို ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေကြတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနို က မနေ့က ပွဲရလဒ်နဲ့ ပတ်သက်ပြီး ” ဒါက အရမ်း စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ် ။ ပထမပိုင်းမှာ ဦးဆောင်ဂိုး စောစောစီးစီး သွင်းပြီး ချေပဂိုး ပေးခဲ့ရသလို ၊ ပွဲပြီးခါနီး မိနစ် အနည်းငယ် အလိုမှာလည်း ခင်ဗျားဖက်က နောက်ထပ် ချေပဂိုး ခွင့်ပြုခဲ့ရတာကြောင့် ခင်ဗျား အနေနဲ့ အမြဲ အတော်လေး စိတ်ပျက်မိမှာပါ ။ ”

” ဒီနေ့ပွဲကို ဘောလုံး ပိုင်ဆိုင်မှု အရ ထိန်းချုပ်နိုင်ခဲ့ပေမယ့် သရေက မျှတတဲ့ ရလဒ်တခုလို့ပဲ ကျွန်တော် ပြောရပါမယ် ။ ကျွန်တော်တို့ဟာ ဒီနေ့မှာ လုံလုံလောက်လောက် မဖန်တီးနိုင်ခဲ့ပါဘူး ။ ကျစ်လျစ်မှု ၊ တောင့်တင်းမှုကို ကျွန်တော်တို့ ပြသနိုင်ခြင်း မရှိခဲ့ပါဘူး ။ ဒါက နာကျင်ဖွယ် အခြေအနေ တရပ်ပါပဲ ။ ”

” အသင်းဟာ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ခံစစ် ကျစ်လျစ်မှုကို မပြသနေခဲ့ပါဘူး ။ ကျွန်တော်တို့ ဂိုးတွေ သွင်းနေပေမယ့် ၊ ခံစစ်ကလည်း ဂိုးတွေ ပေးနေခဲ့ရပါတယ် ။ ဒါကပဲ ကျွန်တော်တို့ ဒဏ်ခတ်နေတာပါ ။ ဒီကစားသမား အစုအဖွဲ့ဟာ အခုလို ၃ရက် တပွဲနှုန်း ကစားဖို့ လုံလုံလောက်လောက် မရင့်ကျက်သေးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR