အာဆင်နယ် လီဗာပူး မန်စီးတီး? ရွန်းနီရဲ့ ပရီးမီးယားလိဂ်ဖလား ခန့်မှန်းချက်

 

ဝိန်းရွန်းနီက လီဗာပူးတို့ မနေ့ညက အိုးထရပ်ဖို့ဒ်မှာ မန်ယူနိုက်တက်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပေမယ့်လည်း ယာဂန်ကလော့ရဲ့ အသင်း အနေနဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။ လီဗာပူးဟာ တိုက်စစ်ပိုင်းမှာ ဆာလား နူးနက် ဆိုဘော့ဇ်လိုင်း တို့ရဲ့ ဖြုန်းတီးမှုတွေနဲ့အတူ အိုးထရပ်ဖို့ဒ်မှာ ယူနိုက်တက်ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။

အခုဆိုရင် လီဗာပူးဟာ အာဆင်နယ်နဲ့ အမှတ်တူ ဂိုးကွာခြားချက် အရ ဒုတိယနေရာကို ရောက်သွားခဲ့ပြီး တတိယနေရာက စီးတီး ကိုတော့ ၁ မှတ်အသာနဲ့ ဦးဆောင်ထားနေဆဲ ဖြစ်ပါတယ်။ လက်ကျန် ၇ ပွဲ အလိုမှာ ပရီးမီးယားလိဂ် title race ဟာ ပိုမို အကြိတ်အနယ် ဖြစ်တော့မှာ ဖြစ်ပြီး ရွန်းနီ ကတော့ လီဗာပူးဟာ အာဆင်နယ် မန်စီးတီး တို့ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ဖလား ကို ဆွတ်ခူးသွားနိုင်လ်ိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ရွန်းနီက “အဝေးကြီး သွားဖို့ လိုပါသေးတယ်။ ၇ ပွဲပဲ ကျန်တော့တယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် အခုနဲ့ ရာသီကုန်ကြားမှာ အများကြီး ဖြစ်လာစရာတွေ ရှိနေပါတယ်။ ကျနော်ကတော့ လီဗာပူးတို့ ပွတ်ကာသီကာနဲ့ အသာရကာ ဗိုလ်စွဲသွားမယ်လို့ ထင်နေဆဲပါ။” လို့ ဆိုလိုက်ပါတယ်။

မနေ့ညက မန်ယူနိုက်တက်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် လီဗာပူး မန်နေဂျာ ယာဂန်ကလော့က “ကျနော်တို့ ဒီပွဲကို အနိုင်ရသင့်ဆိုတာ ရှင်းပါတယ်။ ကျနော်တို့ ပထမပိုင်းမှာကတည်းက နောက်ထပ် သွင်းဂိုးတွေ ထပ်ပြီး ရခဲ့သင့်ပါတယ်။ ပြိုင်ဘက်ဟာ ပထမပိုင်းမှာ လုံး၀ ကန်သွင်းခွင့်ကို မရခဲ့ဘဲ ၁-၀ ဆိုတာ ကျနော်တို့ မျှော်လင့်ထားခဲ့တဲ့ အနိမ့်ဆုံး သွင်းဂိုး ပမာဏ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်တို့ဟာ ပြီးခဲ့တဲ့ပွဲကထက် ၁ မှတ် ပိုရခဲ့ပါပြီ။ ကျနော်တို့ အဲဗာတန်နဲ့ ဒါဘီပွဲကိုလည်း ကစားရအုံးမှာပါ။ ကျနော် ကောင်လေးတွေကို လုံး၀ စိတ်မဆိုးပါဘူး။ ဒါပေမယ့် ပွဲအတွင်းမှာ ကျနော် ဒီလို အရာတွေကိုတော့ ခွင့်မပြုပါဘူး။ ကျနော်တို့ဟာ နောက်ကို တအားဆုတ်ကစားခဲ့ပါတယ်။ ကျနော်တို့ ဘောလုံးကို defend လုပ်နိုင်ခဲ့သင့်တဲ့ အခြေအနေတွေ အများကြီး ရှိခဲ့ပါတယ်။ ကျနော်တို့ ကြိုတင်တွက်ဆထားဖို့ လိုအပ်ခဲ့ပါတယ်။ ကျနော်တို့ဟာ title race ထဲမှာ ရှိနေဆဲပါ။ ကျနော် ဒါနဲ့ပက်သက်ပြီး လုံး၀ အိုကေပါတယ်။”