ယခုနှစ် ရာသီ Signing of the Season နဲ့ ပတ်သက်ပြီး သဘောတူခဲ့ကြတဲ့ ရီယို ဖာဒီနန်နဲ့ ဂျိုကိုးလ်

 

ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီ ကုန်ဆုံးဖို့ ၁၀ပွဲတောင် မလိုတော့တဲ့အချိန် ရာသီ အစက ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲ ဘယ်သူတွေက ဘယ်အသင်းတွေကို ဘယ်လောက်ထိ အကျိုးပြုထားတယ် ဆိုတာ ဘောလုံး ပရိသတ်တွေလည်း ကွင်းကွင်းကွက်ကွက် မြင်တွေ့ထားကြပြီး ဖြစ်ပါတယ် ။

ဒီအထဲမှာ ချဲလ်ဆီး စတား ကိုးလ်ပါလ်မာလည်း မလွဲမသွေ ပါဝင်နေပြီး ၊ ၄င်းဟာ ဒီရာသီ ချဲလ်ဆီး အပေါ် သက်ရောက်မှု အရှိဆုံး ကစားသမားလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။ ပါလ်မာကြောင့် ချဲလ်ဆီးတို့ အဆင့် ၁၀ နေရာမှာ ရှိနေဆဲ ၊ လက်ရှိ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာလည်း ရာထူးမှာ မြဲနေဆဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး တောင်ပံကစားသမားဟောင်း ဂျိုကိုးလ်က ပါလ်မာဟာ ဒီရာသီ အကောင်းဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ကြောင်းနဲ့ ၄င်းဟာ လာမယ့် ယူရို ၂၀၂၄ မှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ပါဝင်ဆင်နွှဲမှ ဖြစ်မယ်လို့ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

TNT Sport နဲ့ တွေ့ဆုံရာမှာ ဂျိုကိုးလ် က ” ရှေ့ပွဲ ပြီးကတည်းက Signing of the Season က ကိုးလ်ပါလ်မာ ဆိုတာ ကျွန်တော် ပြောခဲ့ပါတယ် ။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်ဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပျော်ရွှင်နေခဲ့တာပါ ။ ခုတော့ ကျွန်တော် ပြန်ပြီး သွေးအေးသွားပေမယ့် ၊ ခုချိန်ထိ အဲလိုမျိုး ကျွန်တော် ထင်နေဆဲပါ ။ ”

” ချဲလ်ဆီးက သူ့အတွက် ပေးပြီး ခေါ်ယူခဲ့တဲ့ ငွေကြေးပမာဏ ၊ ချဲလ်ဆီး အတွက် သူ စွမ်းဆောင်ပြနေတာကို ကြည့်ရင် ဘာငြင်းခုံစရာမှ မရှိဘူးလို့ ကျွန်တော် မြင်ပါတယ် ။ ချဲလ်ဆီးသာ ကိုးလ်ပါလ်မာကို မခေါ်ခဲ့ရင် အခုအချိန် ဘယ်အဆင့်မှာ ရှိနေမလဲ ဆိုတာ ကျွန်တော်ဖြင့် တွေးရင်း စိုးရွံ့မိပါတယ် ။ သူဟာ ဒီလောက်ထိကို ကောင်းတာပါ ။ ”

” ဒီနှစ် ခေါ်ခဲ့တဲ့ ကစားသမားတွေထဲ ၃ ၊ ၄ ၊ ၅ယောက်လောက်က ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် သူကတော့ ဒီအထဲမှာ ထူးချွန်လွန်းတာပါ ။ ဒီစိတ်ဓာတ်ခံယူချက်နဲ့သာဆိုရင် သူဟာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ယူရိုကို သွားရမှာပါ ။ ဘာလို့လဲဆိုတော့ ဒီလိုပွဲမျိုးတွေမှာ ထည့်သုံးရင် ၊ သူဟာ ဘယ်လိုမှ တုန်လှုပ်မှာ မဟုတ်လို့ပါ ။ ”

” ဖိအား အခိုက်အတန့်တွေအောက်မှာ ကျရှုံးသွားတဲ့ ကစားသမားတွေကို ကျွန်တော်တို့ မြင်ဖူးကြပါတယ် ။ သူက ဒီလိုမျိုး ဘယ်တော့မှ မဖြစ်တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဂျိုကိုးလ်ရဲ့ အမြင်ကိုလည်း မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူး ရီယို ဖာဒီနန်ကလည်း အခုလို ထောက်ခံသွားပါတယ် ။

ဖာဒီနန် က ” ဟုတ်ပါတယ် ။ သူဟာ Signing of the Season ဖြစ်ရပါမယ် ။ မက်အလစ္စတာကိုလည်း ဒီအထဲမှာ ထည့်သွင်းစဉ်းစားဖို့ လိုပါမယ် ။ ရှေ့တရက်တုန်းက သူဟာ ကြီးကျယ်တဲ့ ဂိုးတဂိုး သွင်းယူခဲ့တာပါ ။ ရာသီကုန်ဖို့ နီးလာတဲ့အချိန် သူဟာ ထင်ပေါ်အောင် လုပ်ပြနေပါတယ် ။ ”

” ဒါပေမယ့် ခင်ဗျား ကိုးလ်ပါလ်မာ စွမ်းဆောင်ပြထားတဲ့ နံပါတ် ၊ အရေအတွက် ၊ အချက်အလက်တွေကို ကြည့်ပါ ။ သူဟာ အသက်ငယ်သေးတဲ့ ချာတိတ် တဦးလည်း ဖြစ်ပါတယ် ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော် ပေးနိုင်တဲ့ အကောင်းဆုံး ချီးကျူးမှုက ဒီချာတိတ်ဟာ ကမ္ဘာပေါ်က ဘယ်နေရာမဆို ၊ အကြီးကျယ်ဆုံး ဘောလုံးကွင်းတွေမှာ သွားကစားနိုင်ပုံ ပေါ်ပါတယ် ။ ”

” သူ့အသင်းဖော်တွေနဲ့သာဆို သူဟာ ဘယ်အချိန်မဆို ဂိုးသွင်းနိုင်တဲ့ ခံစားချက်မျိုး ရနေပါတယ် ။ ရှေ့တရက်က သူ ဟက်ထရစ် သွင်းပြခဲ့ပါတယ် ။ ပွဲပြီးတော့ သူ ( ဂျိုကိုးလ် ) နဲ့ ကျွန်တော် ကွင်းဘေးမှာ ရပ်ကြည့်နေပြီး ၊ ‘ သူ ဘာလို့ ဒီလောက်တောင် သွေးအေးရတာလဲ ‘ လို့ ပြောခဲ့ကြပါတယ် ။ တကယ် မယုံနိုင်စရာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR