” စီးတီးမှာ သူငယ်ချင်း အချို့ရှိပေမယ့် အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်တာကို မြင်ချင်ပါတယ် ” အန်တိုနီယို

ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ်မှူး အန်တိုနီယို ကတော့ နယူးကာဆယ် တိုက်စစ်မှူး ဝီလ်ဆင် နဲ့ အတူ BBC ရဲ့ The Footballer’s Football Podcast အစီအစဉ် မှာ ပါဝင် ခဲ့ပြီး အာဆင်နယ် အသင်း ရဲ့ချန်ပီယံဆု တိုက်ပွဲမှာ ခြေချော်သွားပြီလား ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေး ပြောဆို သွားခဲ့ပါတယ် ။

” အာဆင်နယ် နဲ့ ပွဲမှာ ပွဲအစ ၃ မိနစ်လောက်အထိ ကျနော် တို့က သူတို့ကို အသာစီးနဲ့ ကစားနေခဲ့တာပါ ၊ ကျနော့်အထင် အဲ့ဒီ ၃ မိနစ်အတွင်း ကျနော်တို့ ဂိုးပေါက် ကန်သွင်းမှု ၁ ကြိမ် ထောင့်ကန်ဘော ၁ ကြိမ် ရခဲ့ပါတယ် ။ နောက်တော့ အာဆင်နယ် အသင်း တိုက်စစ်ပြန်ဆင်ခဲ့ပြီး ဂိုးရသွားခဲ့ပါတယ် ၊ နောက်တစ်ကြိမ် ထပ်တိုက်စစ်ဆင်တဲ့ အချိန်မှာလည်း နောက်ထပ် သွင်းဂိုး တစ်ဂိုး ရသွားခဲ့ပါတယ် ။ အဲ့ဒီ အချိန်မှာ ကျနော် ‘ သွားပြီ ထင်တယ် ၊ ငါးဂိုးလောက် ပြတ်တော့မလား မသိဘူး ‘ လို့ ဖြစ်သွားခဲ့တာ အမှန်ပါပဲ ။ ”

” အခြေခံကျကျ ပြောရရင် အာတီတာ လုပ်နေတဲ့ အရာတွေက စီးတီး လုပ်နေခဲ့တဲ့ အရာတွေပါပဲ ၊ အာတီတာ က ပက် လုပ်တဲ့ အရာတွေ အားလုံးကို လေ့လာ သင်ယူခွင့် ရခဲ့တာပါ ။ သူ အာဆင်နယ် ကို ပြောင်းချိန်မှာ စီးတီး မှာ သင်ယူ ခဲ့ရတဲ့ အရာတွေ အားလုံးကို Copy / paste ပြီး လုပ်ဆောင် နေတာ ဖြစ်ပါတယ် ၊ ကျနော် အာတီတာ ကို အပုပ်ချ ပြောဆို နေတာ မဟုတ်ဘူးနော် ။ ”

” ပက်ဆီက သင်ယူ ခဲ့ရတဲ့အရာတွေနဲ့ ပက်ကို အသာစီး ရယူ ပြထားနိုင်တာက တကယ့်ကို မယုံနိုင်စရာပါပဲ ။ ရူးသွပ်ဖို့ ပိုပြီး ကောင်းတဲ့အရာက အာဆင်နယ် အသင်း လုပ်ဆောင် နေတဲ့အရာတွေပါပဲ ၊ ကျနော် ဝက်စ်ဟမ်း နှင့် အာဆင်နယ် ပွဲကို အရန်ခုံကနေ ကြည့်နေချိန်မှာ ‘ ငါသာ မျက်လုံး မှိတ်ထားရင် ခု ကစားနေတာ မန်စီးတီးလို့ပဲ ထင်နေမိမှာ အသေအချာပဲ ‘ လို့ တွေးမိ ခဲ့တဲ့ အထိပါပဲ ။ ”

” သူတို့ ကစားတဲ့ပုံက တောင်ပံ ကစားသမား နှစ်ဦးရယ် ၊ နံပါတ် ၁၀ နေရာမှာ ကစားနေတဲ့ ကွင်းလယ်လူ နှစ်ဦးရယ် ၊ နောက်အထိ ဆင်းကစားတဲ့ တိုက်စစ်မှူး တစ်ဦးရယ် နဲ့ပါ ၊တကယ့်ကို မန်စီးတီး အတိုင်းပါပဲ ။ တကယ့်ကို စိတ်ရှုပ်စရာပါပဲ ၊ အာဆင်နယ် ရဲ့ ကစားပုံကြောင့် ကျနော်တို့ ကိုယ့်ပုံစံ အတိုင်း ကိုယ် ကစားလို့ မရခဲ့ပါဘူး ၊ သူတို့က ကျနော်တို့ကစားကွက် တည်မရအောင် ကစားသွားကြတာပါ ၊ တကယ့်ကို မယုံကြည်နိုင်စရာပါပဲ ။ ”

” အာဆင်နယ် အသင်းသွင်းသွားတဲ့ ပထမဂိုး နှင့် ဒုတိယဂိုးကိုပဲ ကြည့်ကြည့်ပါ ။ ဆာကာ ပြေးသွားတော့ ခရက်စ်ဝဲလ် က သူ့နောက် လိုက်ကပ်ရပါတယ် ၊ အဲ့ဒီ အချိန်မှာ အော်ဒီဂတ် က ခရက်စ်ဝဲလ် နောက်ကနေ ပြေးပြီး ချိန်သားကိုက် ကန်သွင်း သွားခဲ့တာပါ ၊ လူတွေက ခရက်စ် က ကိုယ့်လူကိုယ် မကပ်ထားဘူးလို့ ဝေဖန် နေကြပါတယ် ၊ အမှန်တကယ်က အာဆင်နယ် က လူတစ်ယောက် ပိုသာနေအောင် ကစားပြသွားခဲ့တာပါ ။ ”

” အာဆင်နယ် ကစားသမားတွေက နေရာတိုင်းမှာ ရှိနေခဲ့ကြတာပါ ။ သူတို့ရဲ့ အရည်အသွေးက လုံးဝ ကို အံ့ဖွယ် ပါပဲ ၊ ကျနော် သူတို့ကို ချီးကျူး ချင်ပါတယ် ၊ နောက်ပြီး သူတို့ကို အမှန်တကယ် အမှတ်ပေး ချန်ပီယံ ဖြစ်စေချင်ပါတယ် ၊ တကယ် ပြောတာပါ ၊ စီးတီးမှာ သူငယ်ချင်း အချို့ ရှိပေမယ့် အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်တာကို မြင်ချင်ပါတယ် ။ ဒါမှလည်း အသစ်အဆန်းလေး တစ်ခု ဖြစ်မှာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM