အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ နောက်တစ်ကြိမ် ထိပ်တိုက်တွေ့နေကြပြန်တဲ့ ဘာစီလိုနာ နဲ့ ချဲဆီး

ဘာစီလိုနာ နဲ့ ချဲဆီး တို့ဟာ လိဒ် ယူနိုက်တက် ကစားသမား ရာဖင်ဟာ ကို ခေါ်ယူဖို့ ကြိုးစားခဲ့စဉ် အချိန်က ထိပ်တိုက် တွေ့ဆုံခဲ့ပြီးပါပြီ။

ချဲဆီး က အပြောင်းအရွှေ့ ဆိုင်ရာ အချက်လက်တွေကို ကနဦး သဘောတူညီမှု ရအောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့် ၊ နောက်ဆုံးမှာတော့ ကစားသမား ဟာ ဘာစီလိုနာ ကိုပဲ ပြောင်းရွှေ့ သွားခဲ့ပါတယ်။

လက်ရှိ ဆီဗီလာ အသင်းက ပြင်သစ် ခံစစ်မှုး ကွန်ဒီ ကို ခေါ်ယူဖို့ ကြိုးစားနေကြချိန်မှာလဲ ၊ ဒီနှစ်သင်းပဲ နောက်တစ်ကြိမ် အပြိုင် ဖြစ်လာနေပြန်ပါပြီ။

ဆီဗီလာ ရဲ့ အမြင်ထဲမှာ သူတို့ ခံစစ်မှုးကို လက်ရှိ အပြောင်းအရွှေ့ ကာလ မပိတ်သိမ်းခင် (သို့) ဇူလိုင်လ မကုန်ခင်မှာပဲ လက်လွှတ် ဆုံးရှုံးရလိမ့်မယ်လို့ ယုံကြည်ထားပြီး ပါပြီ။ ဒါကြောင့်လဲ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေကို လက်ခံ ဆွေးနွေးပေးနေပြီ ဖြစ်ပါတယ်။

စာချုပ်ပါ လျော်ကြေး ပမာဏ က ယူရို သန်း 80 အထိ သတ်မှတ်ထားသည့်တိုင်အောင် ၊ ယူရို 65 သန်း ဝန်းကျင် ရရှိတာနဲ့ လက်လွှတ်ပေးဖို့ ပြင်ဆင်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတော့ ချဲဆီး ဟာ တရားဝင် ပြောင်းရွှေ့ကြေး ယူရို သန်း 50 + စွမ်းဆောင်မှုပိုင်း ဆိုင်ရာ ထပ်မံ ပေးချေမှု ယူရို 7 သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ၊ ဆီဗီလာ ဘက်က ပယ်ချလိုက်ပါတယ်။ ချဲဆီး ဟာ သူတို့ရဲ့ ခံစစ်ကို အားဖြည့်ဖို့ လိုအပ်နေတဲ့ အတွက် ဆီဗီလာ အပြင် ၊ ကွန်ဒီ ကိုပါ တိုက်ရိုတ် စကားပြောလျှက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာ ပြင်သစ် ခံစစ်မှုးဟာ ဘာစီလိုနာ ကိုယ်စားလှယ်တွေကို ပါ တစ်ပြိုင်နက် လက်ခံ ဆွေးနွေးပေးနေ ပြန်ပါတယ်။ နည်းပြ ဇာဗီ ဟာ သူ့ရဲ့ ခြေစွမ်းကို သဘောကျတဲ့ အတွက် အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုကာ စည်းရုံးရေး ဆင်းထားတယ်လို့ ကတ်တလန် သတင်းတွေက ဖော်ပြနေပြီး ၊ ကစားသမား ကိုယ်တိုင်ကလဲ ချဲဆီးထက် ၊ ဘာစီလိုနာ ကို ပိုပြီး စိတ်ယိုင်နေတယ်လို့ ဆိုပါတယ်။

သို့သော် ဘာစီလိုနာ ဟာ ကစားသမားနဲ့ စကားပြောနေပေမယ့် ၊ ဆီဗီလာ အသင်းဆီတော့ တိုက်ရိုတ် ဆက်သွယ်လာခြင်း မရှိသေးပါဘူး။

ဒါကြောင့်မို့ ကတ်တလန် ကလပ် နဲ့ လန်ဒန် ကလပ်တို့ဟာ ရာဖင်ဟာ ရဲ့ အပြောင်းအရွှေ့ပြီးနောက် ၊ ဒုတိယ အကြိမ် ကစားသမား တစ်ယောက် ကို အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးစားနေကြတယ်လို့ ဆိုတာပါ။

ဆီဗီလာ ကတော့ ဘာစီလိုနာ ကနေ တရားဝင် ဆက်သွယ်လာမယ့် အချိန်ကိုလဲ မျှော်လင့်နေသလို ၊ ချဲဆီးကလဲ နောက်တစ်ကြိမ် ထပ်မံ ကမ်းလှမ်းမှုတွေ ပေးပို့လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

အထူးသဖြင့် ကစားသမား နဲ့ ဘာစီလိုနာ တို့အကြား အဆက်သွယ်ရှိနေတာကို သိထားတာကြောင့် ၊ တကယ်တမ်း လိုလိုချင်ချင်နဲ့ ခေါ်ယူမယ် ဆိုရင် တရားဝင် ချဉ်းကပ်လာဖို့ သူတို့ ခံစစ်မှုးဘက်ကို ဖိအားပေးနေတာပါ။

ချဲဆီးဟာ မန်စီးတီး က အကီ ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သည့်တိုင်အောင် ၊ အီတီဟတ် တာဝန်ရှိသူတွေ က ရောင်းချဖို့ ဆန္ဒနည်းပါးမှန်း သိရှိသွားပြီးနောက် ၊ လက်ရှိမှာတော့ ပီအက်စ်ဂျီ က ကင်ဘမ်ပီ နဲ့ ဆီဗီလာ က ကွန်ဒီ တို့ကို ပစ်မှတ် ထားနေပါတယ်။

ဘာစီလိုနာ ဟာ လီဝန်ဒေါ့စကီးကို ခေါ်ယူပြီးနောက် သူတို့ရဲ့ ကစားသမား အင်အား ဖြည့်တင်းမှုတွေကို ရပ်တန့်ခြင်း မရှိသေးပဲ ၊ ခံစစ်ပိုင်း အတွက် ထပ်ပြီး အားဖြည့်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

SM