ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် သူ့ရဲ့ အဓိက ရည်မှန်းချက်တွေကို ပြောပြလိုက်တဲ့ လီဝန်ဒေါ့စကီး

ပိုလန် တိုက်စစ်မှုးကြီး ရောဘတ် လီဝန်ဒေါ့စကီး က ဘာစီလိုနာ အသင်း ဆုဖလား အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးချင်ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပြီး လာလီဂါ မှာ ကစားဖို့ဟာ သူ့ရဲ့ အိပ်မက် ဖြစ်ကြောင်း ဆိုပါတယ် ။

လီဝန်ဒေါ့စကီး ဟာ မနှစ်က ဘိုင်ယန်မြုးနစ် အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၅၀ ကျော်သွင်းယူ ခဲ့ပြီး အမှတ်ပေး ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ဒီနွေရာသီမှာ ဘာစီလိုနာ အသင်းကို ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ် ။

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လီဝန်ဒေါ့စကီး ဟာ အင်တာမီယာမီ နဲ့ ခြေစမ်းပွဲ ကစားဖို့ ဖလော်ရီဒါ ကို ရောက်ရှိနေတဲ့ ဘာစီလိုနာ အသင်း နဲ့ ပူးပေါင်း နေပြီလည်း ဖြစ်ပါတယ် ။ လီဝန်ဒေါ့စကီး က​တော့ ဘာစီလိုနာ အသင်း နဲ့ ၃ နှစ်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည် ရယူပေးချင်တယ်လို့ ကလပ် အသင်းရဲ့ မီဒီယာ ချန်နယ်နဲ့ အင်တာဗျူးမှာ ဖြေကြား သွားခဲ့ပါတယ် ။

” နောက်ဆုံးတော့ ကျွန်တော် ဒီကို ရောက်လာခဲ့ပါပြီ ၊ကျွန်တော် သိပ်ကို ပျော်ရွှင်နေပါတယ် ၊ ပြီးခဲ့တဲ့ရက်အနည်းငယ် က ကျွန်တော့်အတွက် အတော်လေး ရှည်ကြာ ခဲ့ပါတယ် ၊ ဒါပေမယ့် အဆုံးသတ်မှာတော့ သဘောတူညီမှု ရသွားခဲ့ပါပြီ ၊ ဒါကြောင့် အခု အချိန်မှာ ကျွန်တော့် ဘဝ ရဲ့ အခန်းအသစ်တွေ စိန်ခေါ်မှု အသစ်တွေကို အာရုံစိုက်နိုင်ပါပြီ ။ ”

” ကျွန်တော် အမြဲတမ်း အနိုင်ရချင်သူ တစ်ဦးပါ ၊ ပွဲတွေတင် မကပါဘူး ၊ ချန်ပီယံဆုတွေလည်း ရယူချင်သူပါ ၊ ဒါကြောင့် ရာသီ အစကတည်းက နိုင်ပွဲတွေ ရယူပြီး ရာသီကုန်မှာ ချန်ပီယံဆုကို ရယူ နိုင်ဖို့ မျှော်လင့် ထားပါတယ် ။ ”

” ကျွန်တော် အမြဲတမ်း လာလီဂါ မှာ ကစားချင်နေခဲ့တာပါ ၊ အသင်းကြီးတွေမှာ ကစားချင် နေခဲ့တာပါ ၊ ဘာစီလိုနာ အသင်း ကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာအောင် ကူညီ ပေးဖို့ ကျွန်တော် ဒီကို ရောက်လာခဲ့တာပါ ၊ ဘာစီလိုနာ အသင်း ထိပ်ဆုံးမှာ ရှိနေအောင် ကူညီပေးဖို့ ဖလားတွေ ရနိုင်သလောက် ရအောင် ကူညီပေးဖို့ လာခဲ့တာပါ ။ ”

” ကျွန်တော်ကတော့ အမြဲတမ်း ရည်မှန်းချက် မြင့်မြင့်မားမား ထားတတ်သူပါ ၊ ကျွန်တော်တို့မှာ အံ့ဖွယ် အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ် ၊ ကျွန်တော်တို့ ဒီရာသီ အောင်မြင်မှုတွေ အများကြီး ရနိုင်တယ်ဆိုတာ သေချာပါတယ် ၊ ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ဖရန့်ကတ်စီ ၊ ခရစ်တန်ဆန် နဲ့ ရာဖင်ဟာ တို့ကိုလည်း ခေါ်ယူ ထားပါသေးတယ် ။

SM