‘ ဘာစီလိုနာ ဟာ ကလပ် အတွက် သမိုင်း ရေးထိုးပေးတဲ့ ကစားသမားတွေကို ဂရုမစိုက်တတ်ပါဘူး ‘ – ဒန်နီ အဲလ်ဗက်စ်

ဘရာဇီး ဝါရင့် ညာနောက်ခံလူ ဒန်နီ အဲလ်ဗက်စ် ဟာ လွန်ခဲ့တဲ့ ၆နှစ်က ဘာစီလိုနာကနေ ထွက်ခွာခဲ့ပေမယ့် ၊ ပြီးခဲ့တဲ့ ရာသီမှာတော့ ကလပ် အသင်းဖော်ဟောင်း ၊ လက်ရှိ ဘာစီလိုနာ နည်းပြ ဇာဗီရဲ့ ဆင့်ခေါ်မှုနဲ့ အတူ ယင်းကတ်တလန်အခြေစိုက် ကလပ်ထံသို့ တနှစ် စာချုပ်နဲ့ တကျော့ပြန် လာရောက် ကစားခဲ့ပါတယ် ။

အသက် ၃၉နှစ် အရွယ် အဲလ်ဗက်စ် ဟာ ဘာစီလိုနာသို့ ရေတိုသာ ပြန်ကစားဖို့ ရည်ရွယ်ခဲ့ပြီး ၊ ကလပ်မှ လူငယ် ကြယ်ပွင့်တွေရဲ့ တိုးတက်မှု လမ်းကြောင်းကို မပိတ်ပင်လိုတာကြောင့် ၊ အခုအခါမှာ free agent အဖြစ်နဲ့ ၂ဦးသဘောတူ လမ်းခွဲခဲ့ပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ တရာသီ အတွင်း အဲလ်ဗက်စ် ဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၁၇ပွဲ ကစားပေးခဲ့ကာ ၊ အရင်လို ဒေါင်ဒေါင်မြည် မဟုတ်ရင်တောင် ခြေစွမ်းခြေယောင် အသင့်အတင့် ရှိကြောင်း ဆက်လက်ပြသနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် ပထမ တကြိမ်တုန်းကလို ဆုဖလား အောင်မြင်မှုတွေ မရခဲ့တာတော့ အဲလ်ဗက်စ် အတွက် အားမလိုအားမရ ဖြစ်နိုင်တဲ့ အချက် တချက် ဖြစ်ပါလိမ့်မယ် ။

သို့ပေမယ့် ကလပ်တွင်းသာမက ၊ ဘောလုံးလောက အတိုင်းအတာ တခု အနေနဲ့ပါ ဆုဖလား အများဆုံး ဆွတ်ခူးထားတဲ့ ကစားသမား တယောက် ဖြစ်တဲ့ အဲလ်ဗက်စ်ကတော့ ဘာစီလိုနာ က ၄င်းလို ကလပ် ဂန္တဝင် တဦးကို ခမ်းခမ်းနားနား နှုတ်ဆက်ပွဲ မလုပ်ပေးခဲ့တဲ့ အပေါ် စိတ်ပျက် ဝမ်းနည်းမိကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

The Guardians သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဒန်နီ အဲလ်ဗက်စ် က ” ကျွန်တော် ဟာ ဝမ်းနည်းနည်းနဲ့ ကလပ်ကနေ ထွက်ခွာခဲ့တာ မဟုတ်ပါဘူး ။ ဘာစီလိုနာဆီ ကျေကျေနပ်နပ်နဲ့ကို တကျော့ပြန်လာ ကစားခဲ့တာပါ ။ ကျွန်တော် ဟာ ဒုတိယ အကြိမ် ဒီကလပ်ဆီ ပြန်လာဖို့ ၅နှစ် အထိ အိပ်မက်မက်ခဲ့ရပါတယ် ။ ကလပ်နဲ့ ခွဲခွာမှု ဟာ ကျွန်တော် ဒီတခေါက် ပြန်လာတဲ့ နေရာမှာ မနှစ်သက်တဲ့ တခုတည်းသော အရာ ဖြစ်ပါတယ် ။ ”

” ဘာစီလိုနာကို တကျော့ပြန်ရောက်ခဲ့ကတည်းက ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို အသက် ၂၀ အရွယ် ကစားသမား တဦး မဟုတ်တော့ဘူးလို့ ခံယူခဲ့ပါတယ် ။ နောက်ပြီး ပထမ တကြိမ်တုန်းက ကိုယ်မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကို မကွယ်ဝှက်တမ်း လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တာပါ ။ ဒါပေမယ့် ဒီကလပ်ဟာ လတ်တလောနှစ်ပိုင်းမှာ ဆိုးဆိုးရွားရွား အပြစ် ကျူးလွန်းထားပါတယ် ။ ”

” ဘာစီလိုနာ ဟာ ကလပ် အတွက် သမိုင်း ရေးထိုးပေးတဲ့ ကစားသမားတွေကို ဂရုမစိုက်တတ်ပါဘူး ။ ဘာစီလိုနာ ပရိသတ် တယောက် ဖြစ်တာနဲ့ အညီ ကျွန်တော်ဟာ ကလပ်ကို မတူညီတဲ့ အရာတွေ လုပ်ပေးဖို့ ဆန္ဒရှိပါတယ် ။ အခု ပြောနေတာ ကျွန်တော့ အကြောင်းချည်း မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော့ အခြေအနေ က တကဏ္ဍသက်သက် ဖြစ်နေလို့ပါ ။ ”

” ကျွန်တော့ကို ဘာစီလိုနာဆီ တကျော့ပြန် ခေါ်ဆောင်ခဲ့တဲ့ ဇာဗီနဲ့ ကလပ် ဥက္ကဋ္ဌကို ထာဝရ ကျေးဇူးတင်နေမှာပါ ။ ဒီအသင်းမှာ ကျွန်တော်ဟာ ငယ်ရွယ်ပြီး အံ့သြဖွယ် အိုင်ဒီယာတွေ ပြည့်နှက်နေတဲ့ လူငယ် ကြယ်ပွင့် မြောက်မြားစွာ မြင်တွေ့ထားရပါတယ် ။ ဒါပေမယ့် ကလပ် တသင်းလုံး အနေနဲ့ ကွင်းပြင်ပ ကဏ္ဍတွေမှာ အများကြီး တိုးတက်ဖို့ လိုနေပါသေးတယ် ။ ”

” လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ စိတ်ဓာတ် ခံယူချက်နဲ့ တခြားစီ ဖြစ်နေပါတယ် ။ ကွင်းတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးဟာ ကွင်းပြင်ပက အခြေအနေ အစစ်အမှန်ကို တိုက်ရိုက် ထင်ဟပ်နေပါတယ် ။ တချိန်ချိန်မှာ ဘာစီလိုနာ အမြင့်ကို ပြန်ရောက်ဖို့ ကျွန်တော် အမြဲ အားပေးနေပါတယ် ။ ”

” ဒါပေမယ့် အခြေအနေတွေက အရမ်းကို ရှုပ်ထွေးလွန်းနေပါတယ် ။ ဘောလုံးမှာ အမြဲတမ်း ဟန်ချက်ညီတဲ့ဖက်ကို ပိုယိမ်းရပါမယ် ။ ဒါဟာ အစုအဖွဲ့လိုက် ကစားရတဲ့ အားကစားနည်းပါ ။ ဒီအတွေးအခေါ်က လောလောဆယ် ကလပ်တွင်း ပျောက်ဆုံးနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ အဲလ်ဗက်စ် ဟာ ကစားသမား ဘဝ က အနားယူဖို့ စိတ်ကူးမရှိသေးသလို ၊ ၄င်းကို ခေါ်ယူဖို့ မက္ကဆီကိုနဲ့ စပိန် အခြေစိုက် ကလပ် အချို့က စိတ်ဝင်စားမှု ပြသနေကြပါတယ် ။ ဒီတော့ လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို အဲလ်ဗက်စ် တယောက် နောက်ဆုံး အနေနဲ့ ပါဝင် ဆင်နွှဲနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ဒန်နီ အဲလ်ဗက်စ် က ” လူတိုင်း က ကျွန်တော် အရမ်း အသက်ကြီးနေပြီ ၊ လွန်ခဲ့တဲ့ အနှစ်၂၀လောက်က ကျွန်တော့ကို အသင်းတိုင်းက အလိုရှိကြပေမယ့် ၊ အခုအချိန်မှာ ဒီလို မဟုတ်တော့ဘူးလို့ ပြောကြပါတယ် ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါကို လုံးဝ သဘောမတူပါဘူး ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ အနှစ် ၂၀က ကျွန်တော့မှာ လက်ရှိ အတွေ့အကြုံမျိုး မရှိတာကြောင့်ပါ ။ ”

” ပွဲကြီးတပွဲ ကစားဖို့ ရှိတဲ့အခါတိုင်း အသက် ၂၀ အရွယ် ကစားသမား တယောက်မှာ စိုးရိမ်စိတ် ရှိတတ်ပါတယ် ။ လက်ရှိ ကျွန်တော့မှာ ဒါမျိုး မရှိပါဘူး ။ အသက်အရွယ် ကြီးရင့်ခြင်းမှာ ကောင်းကျိုး ၊ ဆိုးကျိုး ဒွန်တွဲနေပါတယ် ။ အသက် ၂၀တုန်းက ခင်ဗျား လုပ်နိုင်ခဲ့တဲ့ အရာများစွာကို အခုအချိန်မှာ မလုပ်နိုင်တော့ပါဘူး ။ ”

” နေ့စဉ် ရှင်သန် နေထိုင်ရင်းကနေ ရင့်ကျက်မှုတွေ ရလာပါတယ် ။ ကျွန်တော်ဟာ ဒီ အားကစားရဲ့ အရာအားလုံးနီးပါးမှာ ရှင်သန်ခွင့်ရတဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်ထားပါတယ် ။ ကျွန်တော့ရဲ့ နောက်ဆုံး အကဟာ အနားယူတဲ့ အချိန်မှ ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော်တော့ ရှေ့လျှောက် ဆက်ပြီး ကသွားဦးမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR