ချဲလ်ဆီး ကြယ်ပွင့်ဟာ ယူဗင်တပ်စ် အတွက် အံ့သြဖွယ် ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုလိုက်တဲ့ ခီယယ်လီနီ

ယူဗင်တပ်စ် အသင်းမှာ ဆယ်စုနှစ် တခုကျော်ကြာ ကစားခဲ့တဲ့ အီတလီ ဝါရင့် ခံစစ်မှူး ဂျော်ဂျီယို ခီယယ်လီနီ ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ အမေရိကန် မေဂျာလိဂ် ကလပ် အယ်လ်အေ အသင်းသို့ အလွတ်နဲ့ ပြောင်းရွှေ့ ရောက်ရှိနေပြီ ဖြစ်ပါတယ် ။

အယ်လ်အေ အသင်းဟာ ခီယယ်လီနီ အပြင် ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမားဟောင်း ဂါရတ်ဘေးလ်ကိုလည်း ခေါ်ယူထားပါတယ် ။ ခီယယ်လီနီ အသင်းဟောင်း ယူဗင်တပ်စ် ကတော့ လက်ရှိမှာ ပီအက်စ်ဂျီကနေ အာဂျင်တီးနား ဝါရင့် တောင်ပံ ကစားသမား အိန်ဂျယ် ဒီမာရီယာနဲ့ မန်ချက်စတာ ယူနိုက်တက် ကနေ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာတို့ကို အလွတ်နဲ့ ခေါ်ယူထားပါတယ် ။

ယူဗင်တပ်စ် ဟာ ချဲလ်ဆီး အသင်းမှ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဒီလစ်ကို အစောပိုင်းမှာ ငွေသား + တီမို ဗာနာ ( သို့မဟုတ် ) ခရစ်တီယန် ပူလီဆစ်နဲ့ ကမ်းလှမ်းခံရနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ် ။

အသက် ၂၃နှစ် အရွယ် အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမားဟောင်း ခရစ်တီယန် ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ရာသီ ပုံမှန် ပွဲထွက်ခွင့် မရခဲ့တာကြောင့် ၊ ကာတာ ကမ္ဘာ့ဖလား မတိုင်မီ ပုံမှန် ကစားခွင့် အာမခံပေးနိုင်မယ့် ကလပ် တသင်းဆီ ပြောင်းရွှေ့ချင်တဲ့ပုံ ပေါ်နေပါတယ် ။

လောလောဆယ် အချိန် အထိတော့ ချဲလ်ဆီး ဟာ ဒီလစ် အတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်ထားသလို ၊ ယူဗီဖက်ကလည်း ပူလီဆစ် အတွက် တရားဝင် ချဉ်းကပ်မှု မလုပ်ရသေးပါဘူး ။ ESPN နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ခီယယ်လီနီ က ပူလီဆစ် ဟာ ယူဗီ အတွက် အံ့သြဖွယ် ခေါ်ယူမှု ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ် ။

ခီယယ်လီနီ က ” အရိုးသားဆုံး ဝန်ခံရရင် ခင်ဗျားတို့ ပြောမှ ပူလီဆစ်နဲ့ ယူဗင်တပ်စ်တို့ရဲ့ အပြောင်းအရွှေ့ သတင်းကို ပထမဆုံး အကြိမ် ကြားဖူးတာပါ ။ ဒါပေမယ့် ယူဗင်တပ်စ် ဟာ ပူလီဆစ်လိုမျိုး တောင်ပံ ကစားသမားကောင်း တယောက် လိုအပ်နေပါတယ် ။ ပူလီဆစ် ဟာ အလိမ်အခေါက် ၊ ပြိုင်ဖက် ခံစစ်ထဲ တိုးဝင်တဲ့ နေရာမှာ အရမ်းတော်ပါတယ် ။ ”

” ခီယေဆာ က လက်ရှိအချိန် ဒဏ်ရာရနေပြီး ၊ သူ ပြန်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ် ။ ဒါပေမယ့် ပူလီဆစ်သာ ယူဗီကို ပြောင်းလာခဲ့ရင် ၊ စက်တင်ဘာ မတိုင်ခင် အဖွင့်လမှာ ကစားမယ့်ပွဲတွေ အားလုံးကိုတော့ ကစားခွင့် သေချာပေါက် ရနိုင်ပါတယ် ။ ”

” အိန်ဂျယ် ဒီမာရီယာ ရောက်ရှိလာမှုနဲ့ အတူ ပူလီဆစ် ဟာ ယူဗင်တပ်စ် အတွက် တတိယမြောက် အံ့သြဖွယ် တောင်ပံ ကစားသမား ဖြစ်လာနိုင်ပါတယ် ။ သူဟာ တနှစ်ပြီး တနှစ် တိုးတက်လာပြီး ၊ ချဲလ်ဆီး အတွက်လည်း အံံ့သြဖွယ် ခြေစွမ်းပြထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ယူဗင်တပ်စ် ဟာ လက်ရှိမှာ ပူလီဆစ်ရဲ့ လက်ရွေးစင် အသင်းဖော် ဝက်စ်တန် မက်ကင်နီကို ပိုင်ဆိုင်ထားပြီး ၊ ၄င်းဟာ ယူဗီ ကွင်းလယ်မှာ အလှည့်ကျ ကစားရတဲ့ ကစားသမား အဖြစ် ရပ်တည်နေပါတယ် ။ မက်ကင်နီနဲ့ ပတ်သက်ပြီးလည်း ခီယယ်လီနီ က ကောင်းကွက် ၊ ဆိုးကွက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ် ။

ခီယယ်လီနီ က ” ဝက်စတန်ဟာ အမြဲတမ်း တိုးတက်နေတဲ့ ကစားသမားကောင်း တယောက်ပါ ။ ကြံ့ခိုင်မှု အရ အားသန်တဲ့ ကစားသမား ဖြစ်တာနဲ့ အညီ တပွဲလုံး သူ ပြေးနိုင်ပါတယ် ။ အရေးကြီးဆုံး အရာက ဂိုးတွေ အများကြီး သွင်းနိုင်ခြင်းပါပဲ ။ ဝက်စ်တန်လို ဂိုးတွေ အများကြီး သွင်းနိုင်တဲ့ ကွင်းလယ်လူမျိုး အခုခေတ်မှာ ရှာရခက်သွားပါပြီ ။ ”

” နောက်ပြီး သူဟာ ၂၄နှစ် အရွယ်သာ ရှိသေးပြီး ၊ ဘောလုံး ပေးပို့ပုံ ၊ မိနစ် ၉၀ အထိ ဒေါင်ဒေါင်မြည် ကစားနိုင်ဖို့ ကဏ္ဍတွေမှာတော့ သူ့အနေနဲ့ တိုးတက်ဖို့ လိုပါသေးတယ် ။ အခြေအနေ အများအပြားမှာ သူဟာ ဆုံးဖြတ်ချက် ချတာ အရမ်း စောလွန်းပြီး ၊ ကိုယ်ကိုယ်တိုင် ဘာလိုလဲ ဆိုတာ သိပ်ပြီး မစဉ်းစားတတ်ပါဘူး ။ ”

” ဒါပေမယ့် ကျွန်တော် အပါအဝင် ယူဗင်တပ်စ်က လူတိုင်း သူ့ကို ချစ်ကြပါတယ် ။ ရှေ့ဆက်ပြီး သူဟာ ယူဗီမှာ နှစ်များစွာ ဆက်ကစားနိုင်ပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR