လမ်းပတ် လက်ထက် ပွဲကစားခွင့်တွေ ရချင်လွန်းလို့ ၊ တော့တင်ဟမ်သို့ ပြောင်းရွှေ့ဖို့ အထိ စဉ်းစားခဲ့ဖူးကြောင်း ထုတ်ဖော် ဝန်ခံခဲ့တဲ့ ဂျရူး

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ချဲလ်ဆီး အသင်းကနေ အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ အီတလီမြေမှာ ပထမဆုံး အခြေချတဲ့နှစ်မှာပဲ မီလန်နဲ့ အတူ စကူဒက်တိုဖလား စတင် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ဂျရူး ဟာ ၂၀၁၇ – ၂၀၁၈ ဘောလုံးရာသီရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ အာဆင်နယ်ကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့တဲ့ ရာသီဝက်တာ ကာလ တခုမှာသာ ပထမ ဦးစားပေး တိုက်စစ်မှူး အဖြစ် ကစားခဲ့ရတာ ဖြစ်ပြီး ၊ ထိုနောက်ပိုင်းမှာ ဒုတိယ ဦးစားပေး မဟုတ်ရင် နောက်ဆုံး ဦးစားပေး အဆင့်သို့ ရောက်ခဲ့ရပါတယ် ။

အထူးသဖြင့် ဖရန့် လမ်းပတ် လက်ထက် ပထမဆုံး ရာသီမှာ ချဲလ်ဆီး အသင်းဟာ အထောင် တိုက်စစ်မှာ အကယ်ဒမီထွက် တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကိုသာ ဦးစားပေး အသုံးပြုခဲ့ကာ ၊ ဂျရူး ဟာ အေဘရာဟမ် ဒဏ်ရာရခဲ့တဲ့ ရာသီသိမ်းခါနီး ကာလ တဝိုက်သာ ကစားခွင့် ရခဲ့ပါတယ် ။

နောက်တရာသီမှာ ချဲလ်ဆီးတို့ ပေါင်သန်း ၂၀၀ကျော် သုံးစွဲကာ ၊ အကြီးအကျယ် အင်အား ဖြည့်တင်းမှု လုပ်ခဲ့တာကြောင့် ၊ ဂျရူး အဖို့ အရန်ခုံ နေရာ တနေရာ ရဖို့ပင် ခက်ခဲခဲ့ပါတယ် ။ သို့ပေမယ့် ရာသီဝက် အကြာ လမ်းပတ် ရာထူးမှ အထုတ်ခံခဲ့ရအပြီး ၊ သောမတ်စ် တူချယ် အရောက်မှာ ဂျရူး ဟာ အရေးပါတဲ့ ပွဲအချို့ ကစားခဲ့ရကာ ၊ ရာသီအကုန်မှာလည်း ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေစီမီလန် အသင်းရဲ့ အဓိက ပွဲထွက်တိုက်စစ်မှူး ဖြစ်ခဲ့တဲ့ ဂျရူး ဟာ လာမယ့်နှစ်မှာတော့ အသစ်ရောက်လာတဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ဒီဗော့ခ် အိုရီဂီနဲ့ နေရာလုရဖို့ ရှိပါတယ် ။ လက်ရှိမှာတော့ ယင်းပြင်သစ်သား ဟာ ရာသီကြို ပြင်ဆင်မှု အတွက် မီလန်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ဂျရူး က လမ်းပတ် လက်ထက်မှာ ၄င်းဟာ ပွဲကစားခွင့်တွေနဲ့ ပတ်သက်လာရင် ခွဲခြားခံခဲ့ရတယ်လို့ ခံစားခဲ့ရကြောင်း ဖွင့်ဟရင်း ၊ ပုံမှန် ကစားခွင့်တွေ ရလိုတာကြောင့် ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ လန်ဒန်ဒါဘီ ပြိုင်ဖက် တော့တင်ဟမ်သို့ပင် ပြောင်းရွှေ့ဖို့ အထိ စဉ်းစာခဲ့ကြောင်း အခုလိုပဲ ထုတ်ဖော် ဝန်ခံခဲ့ပါတယ် ။

ဂျရူး က ” အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ချဲလ်ဆီးမှာ ပုံမှန် ပွဲကစားခွင်တွေ ရမနေခဲ့ပါဘူး ။ ကျွန်တော်ဟာ တတိယ ဦးစားပေး တိုက်စစ်မှူး ဖြစ်နေခဲ့တာပါ ။ ဒီတော့ ကျွန်တော်ဟာ ဖရန့် လမ်းပတ်နဲ့ ဖြေရှင်းချက် တခုခု ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ် ။ ”

” လမ်းပတ်ကို ကျွန်တော် က ဒီ အခြေအနေမျိုးမှာ ဆက်ရှိနေလို့ မဖြစ်တော့တဲ့ အကြောင်း ၊ အသင်းပြောင်းချင်တဲ့ အကြောင်း ပြောခဲ့ပါတယ် ။ အဲဒီမှာ လမ်းပတ် က သူဟာ တိုက်စစ်မှာ အစားထိုးမှု တခုခု လိုအပ်နေကြောင်း ဖြေခဲ့ပါတယ် ။ နောက်ပြီး သူက ကျွန်တော့ကို ကစားခွင့်တွေ ပိုပေးမယ့် အကြောင်းလည်း ကတိပြုခဲ့ပါတယ် ။ ”

” အရှေ့ တရာသီက ကျွန်တော်ဟာ ချဲလ်ဆီးမှာ နောက်ဆုံး ၁၀ပွဲမှာ ၈ဂိုး အထိ သွင်းထားပြီး ၊ အဲဒီအချိန်တုန်းက အီတလီ ကလပ်တွေလည်း ကျွန်တော့ကို ခေါ်ယူဖို့ အရမ်း စိတ်ဝင်စားခဲ့ကြပါတယ် ။ ကျွန်တော်ကလည်း အသင်းကနေ ထွက်ခွာချင်လွန်းတာကြောင် ၊ လမ်းပတ်ကို တော့တင်ဟမ်ဆီ ပြောင်းရွှေ့မယ့် အကြောင်းတောင် ပြောခဲ့ပါသေးတယ် ။ ”

” အဲဒီတုန်းက ဟိုဆေး မော်ရင်ဟို ဟာ ကျွန်တော့ကို အလိုရှိမှန်း သိထားခဲ့ပါတယ် ။ အဆုံးမှာတော့ ကျွန်တော် ဟာ အရင်က အာဆင်နယ်မှာ ကစားခဲ့ဖူးတာကြောင့် ၊ မဟာ ဒါဘီ ပြိုင်ဖက်ဆီ ပြောင်းရွှေ့လိုက်ရင် အရာတိုင်းက ခက်ခဲသွားလိမ့်မယ်လို့ ပြန်စဉ်းစားမိတာကြောင့် ဆုံးဖြတ်ချက် ပြန်ရုတ်သိမ်းခဲ့ပါတယ် ။ ကံကြမ္မာက ကျွန်တော့ကို မီလန်မှာ ကစားစေချင်ပုံပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR