လာမယ့် ရာသီ ပရီးမီးယားလိဂ် သရဖူ အတွက် မန်စီးတီး ၊ လီဗာပူးတို့ကို စိန်ခေါ်နိုင်မယ့် ကလပ် ၂သင်းရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ စတီးဝပ် ဒေါင်းနင်း

 

၂၀၂၂ – ၂၀၂၃ ဘောလုံး ရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယား ရေးဆွဲမှုတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကမှ ပြုလုပ် ပြီးစီးခဲ့ပြီး ဖြစ်ပါတယ် ။ လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ တမှတ်အကွာနဲ့ ဒုတိယ နေရာ ရခဲ့တဲ့ လီဗာပူးတို့ကပဲ လာမယ့် ရာသီ ချန်ပီယံဆု အတွက်လည်း အပြိုင် ရေပန်းစားနေဆဲ ဖြစ်ပါတယ် ။

တတိယ နေရာ ရခဲ့တဲ့ ချဲလ်ဆီး ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တဝက်လောက် အထိ ချန်ပီယံ ပြေးလမ်းကြောင်းမှာ ရှိခဲ့ပြီး ၊ နောက်ပိုင်းမှာ လူကာကူရဲ့ စိတ်ပျက်ဖွယ် အင်တာဗျူး ၊ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ အပေါ် စီးပွားရေး အရ ပိတ်ဆို့မှုတွေ ဖြစ်ခဲ့တာကြောင့် ရလဒ်နဲ့ ခြေစွမ်းပိုင်း တမဟုတ်ချင်း ထိုးကျခဲ့ရပါတယ် ။

ရာသီပိတ်သိမ်းခါနီးမှ အဆင့် ၄ နေရာနဲ့ ပန်းဝင်ခဲ့တဲ့ တော့တင်ဟမ် အသင်းဟာလည်း အန်တိုနီယို ကွန်တီ မတိုင်ခင် အတော်လေး ရုန်းကန်ခဲ့ရပေမယ့် ၊ အနားသတ်ကောင်းခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းတို့ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ခြေလှမ်း အသွက်ဆုံး ပရီးမီးယားလိဂ် ကလပ် တသင်း ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီးကတော့ ပိုင်ရှင်သစ် တော့ဒ်ဘိုလီနဲ့ အမေရိကန် ရှယ်ယာစု လက်ထက်မှာ တရားဝင် ကစားသမားသစ် တဦးမှ မခေါ်ရသေးပေမယ့် ၊ အဓိက ပြဿနာ ဖြစ်နေခဲ့တဲ့ လူကာကူ ပုစ္ဆာကို ဖြေရှင်းထားနိုင်ခဲ့ပြီး ဖြစ်တာကြောင့် ၊ မကြာခင် ရက်သတ္တပတ် အနည်းငယ် အတွင်း အင်အား ဖြည့်တင်းမှု အချို့ မြင်ရဖွယ်ရှိပါတယ် ။

လီဗာပူး တောင်ပံ ကစားသမားဟောင်း ဖြစ်တဲ့ စတီးဝပ် ဒေါင်းနင်း ကတော့ လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်စီးတီးနဲ့ လီဗာပူးတို့ကို လန်ဒန်မြို့ခံ ၂သင်း ဖြစ်တဲ့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့ ဖိအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း 360 Sports TV နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

ဒေါင်းနင်း က ” လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်စီးတီးနဲ့ လီဗာပူးကို ချဲလ်ဆီးတို့ စိန်ခေါ်နိုင်မယ်လို့ ကျွန်တော် မြင်ထားပါတယ် ။ သူတို့ဟာ ပိုင်ရှင် အသစ်စက်စက် အပြောင်းအလဲ ဖြစ်ထားသလို ၊ မန်နေဂျာကောင်း တဦးလည်း ရထားပါတယ် ။ ”

” နောက်ပြီး တူချယ်ဟာ ပိုင်ရှင်သစ်တွေရဲ့ ထောက်ခံမှု အပြည့်အဝ ရထားပြီး ဖြစ်တာကြောင့် ၊ ချဲလ်ဆီးမှာပဲ ဆက်နေတော့မယ် ဆိုတာ ကျွန်တော် လုံးဝ ယုံကြည်ပါတယ် ။ အကယ်၍ လူကာကူ နေရာကို စတာလင်နဲ့ အစားထိုး ဖြည့်တင်းနိုင်မယ်ဆိုရင် ၊ သွေးသစ်လောင်းနိုင်မယ်ဆိုရင် ၊ သူတို့ဟာ ချန်ပီယံလောင်း တသင်း ဖြစ်နိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့မှာ ပင်ကို အရည်အသွေး ရှိပြီးသားမို့ပါ ။ ”

” တော့တင်ဟမ် ကတော့ လူအများ မထင်မှတ်ထားတဲ့ ချန်ပီယံလုပွဲ အပြင်က ကလပ် တသင်း အနေနဲ့ ဖြစ်လာနိုင်ပါတယ် ။ သူတို့ဟာ ဆုဖလား ဆွတ်ခူးနိုင်တဲ့ အသင်းလို့ ကျွန်တော် မပြောလိုပါဘူး ။ ဒါပေမယ့် အန်တိုနီယို ကွန်တီကြောင့် သူတို့ဟာ ချန်ပီယံဆု အတွက် အဓိက အသင်းတွေကို တွန်းအားပေးသင့်ပါတယ် ။ ”

” ကွန်တီဟာ ပြီးခဲ့တဲ့ ရာသီဝက် ကျော်လာတဲ့အထိ ရုန်းကန်ခဲ့ရတဲ့ တော့တင်ဟမ် အသင်း အတွက် မယုံနိုင်ဖွယ် စွမ်းဆောင်ပြခဲ့တာပါ ။ သူတို့ဟာ လက်ရှိ နွေရာသီ စျေးကွက် အတွင်းမှာလည်း ကစားသမားသစ်တွေ ဝယ်ယူ ဖြည့်တင်းထားပြီးပါပြီ ။ ”

” ဒီတော့ သူတို့ဟာ ဆုဖလား အောင်မြင်မှု တခုခု အတွက် ရှေ့ဆက်လ်ိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ဒါကြောင့်လည်း ကွန်တီဟာ တော့တင်ဟမ်မှာ ဆက်နေပါလိမ့်မယ် ။ ကျွန်တော်တော့ သူတို့ကို ချန်ပီယံလုပွဲကနေ လုံးဝကြီး ပမထုတ်ချင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR