သူ့ရဲ့ အမြင်မှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား က ဘယ်သူလဲ ဆိုတာ ဖွင့်ဟလာတဲ့ ကီပါ

 

လက်ရှိ ဥရောပ ဘောလုံးလောက အလယ်မှာ ဂိုးသမားကောင်း အမြောက်အမြား ရှိပေမယ့် ၊ အကောင်းဆုံး စာရင်းဝင် ဂိုးသမား အရေအတွက်တော့ အနည်းစုသာ ရှိပါတယ် ။ ပြီးခဲ့တဲ့ ရာသီ ပြည်တွင်းလိဂ်တွေနဲ့ ချန်ပီယံလိဂ်မှာ လက်စွမ်း အထူးပြနိုင်ခဲ့တဲ့ ဂိုးသမား အချို့ကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်တွေ အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ် ။

ပဲရစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ သာမက ၊ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲမှန်သမျှ မှော်ဝင်လက်စွမ်း ပြသနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် ဂိုးသမား သီဘောက် ကော်တွိုက်စ် ဟာ ဘောလုံး ပရိသတ် အများစုရဲ့ အမြင်မှာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား အဖြစ် သတ်မှတ်ကြမှာ သေချာပါတယ် ။

ကော်တွိုက်စ် ချဲလ်ဆီးကနေ ထွက်ခွာခဲ့အပြီး ကမ္ဘာ့ ပြောင်းရွှေ့ကြေး အများဆုံး ဂိုးသမား ဖြစ်လာတဲ့ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ အရန် ဂိုးသမား ဖြစ်သူ ကီပါ အရီဇာဘာလာဂါ ကတော့ ကော်တွိုက်စ် ဟာ ဒီနှစ် အတွက် အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင်း Marca သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ကီပါ က ” ဟုတ်ပါတယ် ။ ကော်တွိုက်စ် ဟာ ဒီနှစ် အတွက် အကောင်းဆုံး ဂိုးသမား ဖြစ်ပါတယ် ။ သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပြီးခဲ့တဲ့ ရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ် အောင်မြင်မှုမှာ အဓိက အဆုံးအဖြတ် ပေးခဲ့သူ ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဂိုးသမား တယောက်ကြောင့် ချန်ပီယံလိဂ် ဖလား ဆွတ်ခူးတာကို ကျွန်တော် မသိပါဘူး ။ ”

” ဒါပေမယ့် ချန်ပီယံလိဂ် ၊ လာလီဂါ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ ဆိုရင် ဂိုးသမား တယောက်ဆီကနေ မှော်ဝင် အခိုက်အတန့်တွေ လိုအပ်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ အချို့ပွဲတွေမှာ သူ့ရဲ့ တကိုယ်တော် လက်စွမ်းပြမှုတွေက ကျွန်တော် ပြောတဲ့အချက် မှန်ကန်တယ် ဆိုတာ ထောက်ပြနေပါတယ် ။ ဒါပေမယ့် ဒီလက်စွမ်းတွေက အကောင်းဆုံးလား ဆိုတာကိုတော့ ကျွန်တော် မပြောနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ကီပါ က ကော်တွိုက်စ်ရဲ့ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ၂ခုကြား က ကွာဟချက် တချက် အကြောင်းနဲ့ ပတ်သက်ပြီးလည်း ” ကျွန်တော် သူ့ရဲ့ ဘောလုံး ပေးပို့မှု စွမ်းရည်တွေကို အရမ်း အံ့သြမိပါတယ် ။ ”

” ဒါဟာ သူ့ရဲ့ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ၂ခု အကြားက အဓိက ကွာခြားချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ အစောပိုင်းတုန်းက လူတွေဟာ ကော်တွိုက်စ်ရဲ့ ဘောလုံး ပေးပို့နိုင်စွမ်း အကြောင်း သိပ်မပြောကြပါဘူး ။ ”

” ဒါပေမယ့် အခုအခါမှာတော့ သူဟာ ခြေစွမ်း နောက်တဆင့် တက်ကာ ၊ ဘောလုံး ပေးပို့နိုင်စွမ်း အရည်အသွေးပါ တိုးတက်အောင် လုပ်ဆောင်ပြထားပါတယ် ။ ဒါဟာ သူ့ဆီကနေ ကျွန်တော် မြင်တွေ့ထားရတဲ့ အကြီးမားဆုံး ပြောင်းလဲမှု တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးရဲ့ အရန် ဖြစ်လာရာကနေ စပိန် လက်ရွေးစင် အသင်းမှာပါ အရွေးမခံရတော့တဲ့ ကီပါ ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကလပ်နဲ့ အနာဂတ် အကြောင်း ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး ၊ အခြေအနေ အပေါ် မူတည်ကာ ပွဲကစားခွင့် ပိုရမယ့် အခြား အသင်း တသင်းထံ အငှားထွက်သွားဖို့ ရှိကြောင်း သတင်းတွေ ထွက်နေပါတယ် ။

မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးလည်း ကီပါ က ” အခုအချိန်မှာ ကျွန်တော်ဟာ ချဲလ်ဆီး ကစားသမား တဦး အဖြစ် ရှိနေဆဲပါ ။ ဒါပေမယ့် ကျွန်တော့ အနေနဲ့ အခုထက် ပိုပြီး ကစားခွင့် ရချင်တယ် ဆိုတာက ရှင်းလင်းနေပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ စရောက်ရောက်ချင်း ၁နှစ် ၊ ၂နှစ်မှာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိခဲ့ဖူးလို့ပါပဲ ။ ” လို့ ပြောကြားခဲပါတယ် ။

SPORTS MYANMAR