ဂျေးဇု ကို ခေါ်ယူမှု အပေါ် ထောက်ခံ ချီးကျူးလိုက်ပေမယ့် ဗီအဲရာ ကို ခေါ်ယူတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လိုက်တဲ့ ပေါလ်မာဆန်

 

ဂန်းနား ဂန္တဝင် ကစားသမား ပေါလ်မာဆန် က အာဆင်နယ် အသင်းကို ရောက်လာတော့မယ့် ဂါဘရီယဲလ် ဂျေးဇု ဟာ အာတေတာ ရဲ့ အသင်းကို ပြောင်းလဲ ပေးနိုင်မယ့်သူ ဖြစ်ကြောင်း ထောက်ခံ ပြောကြား လိုက်ပါတယ် ။

ယနေ့ နံနက် အစောပိုင်းမှာ အာဆင်နယ် အသင်းဟာ မန်စီးတီး တိုက်စစ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု ကို ခေါ်ယူဖို့ ပေါင် ၄၅ သန်း နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းအတွက် ဂျေးဇု ဟာ နွေရာသီ စတုတ္တမြောက် ခေါ်ယူမှု ဖြစ်လာမှာပါ။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျေးဇု ဟာ မန်စီးတီး အသင်း အတွက် ပွဲပေါင်း ၂၃၆ ပွဲ ကစား ၉၅ ဂိုး သွင်းယူ ပေးထားပြီး ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ခါရာဘောင်းဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၁ ကြိမ် ရယူ ထားနိုင်သူ ဖြစ်ပါတယ်။

ပေါလ်မာဆန် ကတော့ Daily Star မှာ ဂျေးဇု ဟာ အာဆင်နယ် အသင်းအတွက် မဖြစ်မနေ လိုအပ်တဲ့ ကစားသမား ဖြစ်ပြီး ဖေဘီယို ဗီအဲရာ လို လူငယ် ကြယ်ပွင့်ကိုတော့ ခေါ်ယူဖို့ မလိုအပ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်း အနေနဲ့ ထိပ်ဆုံး လေးသင်းထဲ ဝင်ရောက်ချင်တယ်ဆိုရင်တော့ ဂျေးဇု ကို မဖြစ်မနေ ရအောင် ခေါ်ဖို့ လိုအပ်ပါတယ် ၊ မခေါ်နိုင်ရင်တော့ ဒီနွေရာသီ အပြောင်းအရွှေ့ခေါ်ယူမှုက မအောင်မြင်ဘူးပဲ ဆိုရမှာပါ ။ ”

” ဖေဘီယို ဗီအဲရာ လို အလားအလာရှိတဲ့ လူငယ် ကစားသမားတွေထက် အတွေ့အကြုံရင့် ကစားသမားတွေ လိုအပ်ပါတယ်။ ဂျေးဇု မှာ အတွေ့အကြုံတွေ အများကြီး ရှိပါတယ် ၊ ဂျေးဇု ရဲ့ အပြောင်းအရွှေ့ကို အလျင်အမြန် အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ် ။ ”

” သူက အာဆင်နယ် အသင်းကို ပြောင်းလဲ ပေးနိုင်လောက်အောင် ကောင်းတယ်လို့ ထင်ပါတယ်။ဒါပေမယ့် သူက ထိုက်တန်တဲ့ လုံလောက်တဲ့ ချီးကျူးမှုကို မရရှိထားပါဘူး ၊ သူက အခွင့်အရေးတွေ လွဲချော်တတ်ပေမယ့် ဘယ်တော့မှ ပုန်းမရှောင်နေတတ်ပါဘူး ။ ”

” သူက ဂိုးသွင်းဖို့ ဆန္ဒ အမြဲ ပြင်းပြနေတဲ့ အထောင် တိုက်စစ်မှူး တစ်ဦးပါ ၊ သူတို့သာ ဂျေးဇု ကို ရရင် အာဆင်နယ် ပရိသတ်တွေ အတွက် စိတ်လှုပ်ရှား စရာ ဖြစ်ပါလိမ့်မယ် ၊ မရရင်တော့ တခြား အသင်းတွေနဲ့ အတော်လေး အလှမ်းဝေး သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM