ချဲလ်ဆီးသို့ မပြောင်းဖို့ စတာလင်ထံ အကြံပြုလိုက်တဲ့ မန်စီးတီး ကြယ်ပွင့်ဟောင်း

 

ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကစားသမားသစ် တဦးမှ မခေါ်ရသေးပေမယ့် ၊ အပြောင်းအရွှေ့ သတင်းတွေ တောက်လျှောက် ထွက်ထားတဲ့ ပစ်မှတ် ကစားသမား အနည်းငယ်တော့ ရှိထားပါတယ် ။

ထိုအထဲမှာ မန်စီးတီး တောင်ပံ ကစားသမား ရာဟင်း စတာလင်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ စတာလင်ဟာ လက်ရှိ မန်စီးတီးနဲ့ စာချုပ် တနှစ်သာ ကျန်တော့တဲ့အပြင် ၊ နည်းပြ ဖြစ်သူ ပက်ဂွာဒီယိုလာထံမှ အရင်လို အလေးပေးမှုတွေ မရတော့တာကြောင့် စ်ိတ်ဝင်စားဖွယ် ကမ်းလှမ်းမှုမျိုး ရလာဖို့ စောင့်စားလျက်ရှိပါတယ် ။

မန်စီးတီးကတော့ ကစားသမားတွေရဲ့ ဆန္ဒကို ဦးစားပေးလေ့ရှိပြီး ၊ စတာလင်သာ အသင်းက ထွက်ခွာဖို့ တရားဝင် တောင်းဆိုတာမျိုး လုပ်လာရင် ၊ အသင်းပြောင်းခွင့် ပေးသွားဖွယ် ရှိပါတယ် ။ သို့ပေမယ့် Homegrown ကစားသမား ဖြစ်တဲ့ စတာလင် အတွက်တော့ စီးတီးတို့ ပေါင်သန်း ၄၀ အနည်းဆုံး အလိုရှိနေပါတယ် ။

 

 

မန်စီးတီး တောင်ပံ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ထရက်ဗာ ဆင်ကလဲယား ကတော့ ချဲလ်ဆီးကို ချန်ပီယံလုပွဲထဲ မထည့်ရဖို့ အရေး စတာလင်ကို မရောင်းချဖို့ အကြံပြုလိုက်ကာ ၊ ချဲလ်ဆီးဟာ ပိုင်ရှင်သစ် လက်ထက် ပြုပြင် ပြောင်းလဲရေးတွေ အများကြီး လုပ်ရမှာ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ဆင်ကလဲယား က ” စတာလင်သာ ချဲလ်ဆီး ရောက်သွားခဲ့ရင် ၊ ချဲလ်ဆီးဟာ လာမယ့် ရာသီ မန်စီးတီး ၊ လီဗာပူးတို့ကို အနီးကပ် ပြိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း ရှိသွားမယ့် အတွက်ကြောင့် ၊ ကျွန်တော်ကတော့ သူ့ကို ချဲလ်ဆီးထံ မပြောင်းစေချင်ပါဘူး ။ ”

” ချဲလ်ဆီးဟာ ကစားသမား အချို့ကို အပြောင်းအရွှေ့ စျေးကွက် မဖွင့်ခင်ကတည်းက ဆုံးရှုံးထားရပြီး ၊ ကလပ်ရဲ့ အခြေအနေဟာလည်း အလွှဲအပြောင်း ကာလ တရပ်ကို ရောက်နေတာကြောင့် သူတို့ အနေနဲ့ အရာရာ အသစ် ပြန်လည် တည်ဆောက်ရပါမယ် ။ ”

 

” သူတို့ဟာ ပိုင်ရှင်သစ်တွေကိုလည်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ၊ ဒီနွေတတွင်း အလုပ် အများကြီး လုပ်ရဖို့ ရှိနေပါတယ် ။ ပိုင်ရှင်သစ် ဖြစ်လာတဲ့သူတွေကတော့ တကယ် ကြီးမားတဲ့ လုပ်ငန်းကြီး တခု လည်ပတ်ရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း တဦး ဖြစ်တဲ့ အန်ဒီ တောင်ဆန်ကတော့ စတာလင်သာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် ဒါကို ဆိုးရွားတဲ့ ရွေးချယ်မှုလို့ မခေါ်ထိုက်ကြောင်း တုန့်ပြန်ရင်း ၊ လန်ဒန်ဟာ ထိပ်တန်း ကစားသမားတိုင်း လာရောက် နေထိုင်ချင်တဲ့ မြို့ ဖြစ်ကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

တောင်ဆန် က ” ရာဟင်း စတာလင် အတွက် အခုအချိန် အပြောင်းအလဲ တခုကို လိုလားတာက ဆိုးရွားတဲ့ အရာ မဟုတ်ပါဘူး ။ ချဲလ်ဆီးလို အသင်းမျိုးကို ပြောင်းရွှေ့တာက သူ့အတွက် ဘာဆိုးကျိုးမှ ဖြစ်စေမှာ မဟုတ်ပါဘူး ။ လန်ဒန် အခြေစိုက် ကလပ် တသင်းကို ပြောင်းရွှေ့တာကိုက အပိုဆု တခု ရသလို ဖြစ်စေပါတယ် ။ ”

” မြို့တော်မှာ နေတယ် ၊ မြို့တော်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတယ် ဆိုကတည်းက ကစားသမားတွေ အကြိုက် ဖြစ်နေပါပြီ ။ သူဟာ ထိပ်တန်း အရည်အသွေးတွေ ပိုင်ဆိုင်ထားဆဲ ဆိုတာ စီးတီးမှာ ပြသထားပါတယ် ။ ချဲလ်ဆီးသာ သူ့ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့တယ် ဆိုရင် သူတို့ဟာ စီးတီးကို ပြန်ပြီး ခြိမ်းခြောက်နိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR