ရည်မှန်းချက်သာ ရှိရင် အန်ဖီးကနေ ထွက်ခွာသင့်တယ်လို့ လီဗာပူးစတားကို ပြောလိုက်တဲ့ ကမ်းဘဲလ်

အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ကယ်ဗင်ကမ်ဘဲလ်က နောက်ခံလူ ဂျိုးဂိုးမက်ဇ် အနေနဲ့ လာမည့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အင်္ဂလန် လူစာရင်းမှာ ရွေးချယ်ခံရဖို့ အတွက် ဆိုရင် ဒီနွေရာသီမှာ လီဗာပူး ကနေ ထွက်ခွာသွားသင့်တယ်လို့ ပြောလိုက်ပါတယ်။ ဂျိုးဂိုးမက်ဇ်ဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေသေးသူ ဖြစ်ကာ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ အင်္ဂလန် နောက်ခံလူဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း တိုးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဂိုးမက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူးရဲ့ ဗဟိုခံစစ် option မှာ မာတစ် ကိုနာတေး တို့ရဲ့ နောက်ကို ရောက်နေခဲ့ကာ ပွဲကစားခွင့် ရဖို့ ရုန်းကန် ခဲ့ရပါတယ်။ အသက် ၂၅ နှစ် အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီ လီဗာပူး ပြိုင်ပွဲစုံမှာ ၂၅ ပွဲသာ ကစားခွင့် ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၈ ပွဲသာ ကစားခဲ့ရကာ နောက်ပိုင်းမှာ ဗဟိုခံစစ်ထက် စာရင် အလက်ဇန်းဒါးအာနိုးရဲ့ back-up အဖြစ် ညာနောက်ခံလူ နေရာမှာသာ ကစားခွင့် ရခဲ့ပါတယ်။

ဂိုးမက်ဇ်ဟာ လီဗာပူး ကစားသမား ဘ၀အတွင်း ပြင်းထန်တဲ့ ဒဏ်ရာ ၃ ကြိမ်ရခဲ့ကာ ကာလရှည် အနားယူခဲ့ရသူ ဖြစ်ပြီး လီဗာပူးမှာ နေရာပျောက်နေခဲ့တဲ့ အင်္ဂလန် နောက်ခံလူကို စိတ်၀င်စားနေတဲ့ ကလပ်တွေ ရှိနေကြပါတယ်။ အာဆင်နယ် ကစားသမားဟောင်း ကမ်းဘဲလ် ကလည်း ဂိုးမက်ဇ် အနေနဲ့ ၎င်းရဲ့ ကစားသမား ဘ၀ အတွက် လီဗာပူး ကနေ ထွက်ခွာဖို့ စဉ်းစား သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

ကမ်းဘဲလ်က “အကယ်၍ ကလပ် တစ်ခုခုရဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို ရလာခဲ့မယ် ဆိုရင် ဂိုးမက်ဇ် အနေနဲ့ လီဗာပူး ကနေ ထွက်ခွာသွားတာ ကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ လီဗာပူးမှာ လုံလောက်တဲ့ ပွဲကစားခွင့်ကို ရနေသူ မဟုတ်လို့ ပါပဲ။ ဂိုးမက်ဇ် အနေနဲ့ အရန်လူတွေထဲက ပထမဦးဆုံး option အနေနဲ့ ရှိနေတယ် ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ ဒါပေမယ်လည်း ကိုယ့်အနေနဲ့ တတိယ ဒါမှမဟုတ် စတုတ္ထဦးစားပေး ဖြစ်နေတယ် ဆိုရင်တော့ စဉ်းစားသွားရမှာပါ။

သူဟာ တကယ်တော့ လီဗာပူးမှာ မာတစ် နဲ့ ကိုနာတေး တို့ရဲ့နောက် စတုတ္ထဦးစားပေး ဖြစ်နေပါတယ်။ သူဟာ အလက်ဇန်ဒါးအာနိုးရဲ့ back-up အဖြစ် ညာနောက်ခံလူ နေရာမှာ ကစားခွင့်တွေ ရခဲ့ပေမယ့် လီဗာပူးဟာ အခုဆိုရင် ညာနောက်ခံလူသစ် တစ်ဦးကို ခေါ်ယူထားခဲ့ပါတယ်။ ကျွန်တော် သိရသလောက် ကတော့ ကလပ်မှာ သူ့ရဲ့ ရပ်တည်မှုဟာ ရှင်းလင်းသွားခဲ့ပါပြီ။

အကယ်၍ ဂိုးမက်ဇ် အနေနဲ့ ကမ္ဘာ့ဖလားမှာ အင်္ဂလန်နဲ့ အတူ ဆင်နွှဲသွားဖို့ ရည်မှန်းချက် ရှိတယ်ဆိုရင် သူ ကလပ်ကနေ ထွက်ခွာသွားဖို့ လိုအပ်ပါတယ်။ သူဟာ ပုံမှန် ပွဲကစားခွင့် ရဖို့ လိုအပ်နေပါတယ်။ အဓိကအချက်ကတော့ ပုံမှန် ကစားခွင့် ရမယ့် အသင်းတစ်သင်းကို ရောက်ရှိနိ်ုင်ဖို့ပါ။ ကျွန်တော်ကတော့ သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို ရရှိကာ အဲဒီကလပ်မှာ ပွဲကစားခွင့်တွေ ရမယ်လို့ မျှော်လင့်မိပါတယ်။ ပွဲကစားခွင့် ရတာလောက် ကောင်းတဲ့ အရာ ဘာမှ မရှိပါဘူး။” လို့ ပြောသွားပါတယ်။

ဂိုးမက်ဇ်ဟာ အင်္ဂလန် အတွက် ၁၁ ပွဲ ကစားခွင့် ရထားခဲ့သူ ဖြစ်ပေမယ့်လည်း လွန်ခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလက အင်္ဂလန် တို့ ဝေးလ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း နိုင်ငံအတွက် ကစားပေးခဲ့ခြင်း မရှိပါဘူး။

SM