မာနေးထွက်ခွာသွားပြီးနောက် ဒါ၀င်နူးနက် ဦးဆောင်မယ့် လီဗာပူးတိုက်စစ်ဟာ ဘယ်လို ခြားနားသွားမလဲဆိုတာ ပြောပြလိုက်တဲ့ ဂျွန်ဘန်း 

 

အန်ဖီးမှာ အောင်မြင်တဲ့ ၆ နှစ်တာ ကာလကို ဖြတ်သန်းခဲ့ပြီးနောက် ဆာဒီယိုမာနေးဟာ မနေ့က ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွေ့ကြေး ပေါင် ၃၅ သန်းနဲ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူး အတွက် အောင်မြင်မှုတွေ များစွာ ရယူပေးခဲ့တဲ့ မာနေးကို လက်လွှတ်ခဲ့ရတဲ့ အတွက် လီဗာပူးနဲ့ ဆက်နွယ်သူတွေ အားလုံး ၀မ်းနည်းနေကြမှာ ဖြစ်ပေမယ့်လည်း ဒါကို ခံသာစေတာ ကတော့ ကလော့ရဲ့ အသင်းဟာ မာနေးကို မရောင်းချမီ ယူရိုသန်း ၁၀၀ တန် ဥရောပရဲ့ အထွန်းတောက်ဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦး ဖြစ်တဲ့ ဒါ၀င်နူးနက်ကို ခေါ်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။

လီဗာပူးဟာ အသက် ၂၂ နှစ်အရွယ် ကစားသမား အတွက် ကလပ်စံချိန်တင် ပြောင်းရွေ့ကြေးကို အသုံးပြုကာ မာနေး ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်ပိုင်းကို ပြန်လည် အားဖြည့်ခဲ့တာ ဖြစ်ပြီး ဥရုဂွေးစတားဟာ ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာ အတွက် ၄၁ ပွဲမှာ ၃၄ ဂိုးထိ သွင်းယူခဲ့ကာ လီဗာပူးနဲ့ ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ၂ ကျော့စလုံး ဂိုးသွင်းခဲ့ကာ သူ့ရဲ့ အရည်အသွေးကို ပြသထားခဲ့သူ ဖြစ်ပါတယ်။

 

မာနေးနဲ့ နူးနက် တို့ကြား ကစားပုံက ကွဲပြားမှု ရှိပေမယ့် ဥရုဂွေးစတားဟာ အထောင် တိုက်စစ်အပြင် ဘယ်တောင်ပံကနေ အတွင်းကို ချိုးကာ ဂိုးတွေ သွင်းယူနိုင်သူလည်း ဖြစ်ပါတယ်။

လီဗာပူး ဂန္တ၀င် ဂျွန်ဘန်းက ကလပ်ကနေ ထွက်ခွာသွားခဲ့တဲ့ မာနေး ရှိခဲ့တဲ့ လီဗာပူး တိုက်စစ် နဲ့ ကစားသမားသစ် ဒါ၀င်နူးနက် ရောက်လာခဲ့တဲ့ လီဗာပူး တိုက်စစ် တို့ရဲ့ ခြားနားသွားနိုင်မှုကို ဆွေးနွေးသွားခဲ့ပါတယ်။

 

ဘန်းက “လီဗာပူးဟာ မာနေးရဲ့ နေရာ အတွက် ဒီယေဂိုဂျိုတာ နဲ့ လူး၀စ်ဒီယက် တို့ကို ကြိုတင် ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒ့ါကြောင့် ဒါ၀င်နူးနက်ကို ခေါ်ယူလိုက်ခြင်း အားဖြင့် ဘာတွေ အပြောင်းအလဲ ရှိသွားနိုင်သလဲ ဆိုတော့ လီဗာပူးဟာ ပြိုင်ဘက် အသင်းတွေကို ပင်နယ်တီ ဧရိယာ အတွင်းမှာ ပိုမို ခြိမ်းခြောက်မှု ပေးစွမ်းနိုင်တော့မှာ ဖြစ်ပါတယ်

ကျွန်တော်တို့ဟာ ကလော့ရဲ့ အစောပိုင်း နှစ်တွေမှာ ပြိုင်ဘက်တွေ ချန်ထားခဲ့တဲ့ နေရာလွတ်တွေကို ကောင်းစွာ အသုံးနိုင်တဲ့ တန်ပြန်တိုက်စစ် အရမ်းကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။

 

ဒါပေမယ့်လည်း နောက်ပိုင်းနှစ်တွေ မှာတော့ အသင်းတွေဟာ လီဗာပူးနဲ့ ရင်ဆိုင် ကစားတဲ့ အခါမှာ ခံစစ်ကို လူများများနဲ့ အထိုင်ကျပြီး ရင်ဆိုင်ကြလေ့ ရှိပါတယ်။

ကျွန်တော်တို့ဟာ ဒီနေရာမှာ ပင်နယ်တီ ဧရိယာ အတွင်း အမြင့်ဘောတွေကို ကောင်းကောင်း အသုံးချနိုင်တဲ့ လူကောင်ကြီးကြီး ကစားသမား မရှိခဲ့ပေမယ့် အခုတော့ ဒါ၀င်နူးနက်ဟာ ဒါတွေကို ပေးစွမ်းနိုင်တော့မှာပါ။” လို့ ပြောလိုက်ပါတယ်။

ဒါ၀င်နူးနက်ဟာ တောင်ပံကို ထွက်ကစားလေ့ ရှိပေမယ့်လည်း များသောအားဖြင့် ပင်နယ်တီ ဧရိယာ အတွင်းမှာ လှုပ်ရှားလေ့ ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာ အတွက် သွင်းပေးခဲ့တဲ့ ၃၄ ဂိုးထဲက ၃၂ ဂိုးဟာ ၁၈ ကိုက်စည်းအတွင်းမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျွန်ဘန်းက နူးနက်ရဲ့ အမြင့်ဘော အရည်အသွေးတွေကြောင့် လီဗာပူးဟာ ပြိုင်ဘက် ခံစစ်တွေကို နောက်ထပ် ခြားနားတဲ့ တိုက်စစ် set-up နဲ့ ကစားနိုင်စွမ်း ရှိသွားခဲ့ပြီလို့ ဆိုလိုက်ပြီး ဒါဟာ ဆာဒီယိုမာနေး ပေးစွမ်းနိ်ုင်မှု ရှိတဲ့ အရာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

 

SM