ဘိုင်ယန်ကို မာနေး ပြောင်းရွေ့သွားခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ top 5 အာဖရိက ကစားသမားတွေကို ရွေးချယ်လိုက်တဲ့ ဖာဒီနန် 

 

ရီယိုဖာဒီနန်က မနေ့ညက လီဗာပူး ကနေ ဘိုင်ယန်မြူးနစ်ကို အပြီးသတ် ရောက်ရှိသွားခဲ့ပြီ ဖြစ်တဲ့ ဆာဒီယိုမာနေးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး အာဖရိက ကစားသမား ၅ ဦးထဲက တစ်ဦး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ လီဗာပူး အတွက် ပွဲပေါင်း ၂၆၉ ပွဲမှာ ဂိုး ၁၂၀ သွင်းယူခဲ့ပြီး အန်ဖီးမှာ ခြောက်နှစ်ကြာ ကစားခဲ့ပြီးနောက် ကလပ်ကနေ ထွက်ခွာခဲ့သူ ဖြစ်ကာ ယာဂန်ကလော့ရဲ့ နာမည်ကျော် front three မှာ အဓိက အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။

မာနေးရဲ့ front three တွဲဖက် ဖြစ်ခဲ့တဲ့ မိုဆာလား ကလည်း ဖာဒီနန် ရွေးချယ်ခဲ့တဲ့ list ထဲမှာ ပါ၀င်နိုင်ခဲ့ပါတယ်။ မာနေးဟာ မနေ့က ဘိုင်ယန်မြူးနစ်ကို ပြောင်းရွေ့ကြေး ပေါင် ၃၅.၁ သန်းနဲ့ ရောက်ရှိသွားခဲ့ကာ ဘွန်ဒက်လီဂါ ချန်ပီယံနဲ့ ၃ နှစ်စာချုပ်ချုပ်ဆို ခဲ့ပါတယ်။ အဲဒီနောက် မန်ချက်စတာယူနိုက်တက် ဂန္တ၀င်ဟာ သူ့ရဲ့ top 5 အာဖရိက ကြယ်ပွင့် ၅ ဦးကို ပြောပြသွားခဲ့ပါတယ်။

 

ဖာဒီနန်က “ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး အာဖရိက ကစားသမား ၅ ဦးကို ကျွန်တော် ရွေးချယ်သွားပါမယ်။ order နဲ့ ရွေးချယ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ top 5 ဟာ ဒီဒီယာဒရော့ဘာ ၊ ဆာလား ၊ မာနေး ၊ ယာယာတိုရေး နဲ့ မိုက်ကယ်အက်ဆီယန် တို့ ဖြစ်ကြပါတယ်။

ကျွန်တော့် အနေနဲ့ ဒီ top 5 ကို ခက်ခက်ခဲခဲ ရွေးချယ် ခဲ့ရတာ ဖြစ်ပါတယ်။ ရီရက်မာရက်ဇ် ဆိုရင် မန်ချက်စတာစီးတီး နဲ့ အတူ ဆုဖလားတွေ ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ တကယ့်ကို ရူးသွပ်စရာ ဖြစ်တဲ့ ဂျေဂျေအိုကိုချာ ကိုလည်း နှစ်သက်တဲ့သူ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

 

အီဂျစ်စတား ဆာလား နဲ့ ဆီနီဂေါ စတား မာနေး တို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ အဓိက အရေးပါသူတွေ ဖြစ်ခဲ့ကြပြီး ယာဂန်ကလော့ရဲ့ အသင်းကို ဖလား စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ် ကနေ ဖလားတွေ ဆွတ်ခူးနိုင်တဲ့ အသင်း ဖြစ်လာအောင် ကူညီပေးခဲ့ကြပါတယ်။

အိုင်ဗရီကို့စ် နဲ့ ဂါနာ တို့ကို ကိုယ်စားပြုခဲ့တဲ့ ဒရော့ဘာ နဲ့ အက်ဆီယန် တို့ကလည်း ချဲလ်ဆီးတို့ ကမ္ဘာ့ထိပ်တန်း အသင်း ဖြစ်လာခဲ့တဲ့ နေရာမှာ အရေးပါခဲ့တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

 

ဒရော့ဘာဟာ ချဲလ်ဆီး အတွက် ၂၅၉ ပွဲမှာ ၁၀၄ ဂိုး သွင်းယူထားခဲ့ပြီး မော်ရင်ညို အန်ဆယ်လော့တီ တို့ရဲ့ လက်အောက်မှာ ဆုဖလားတွေ များစွာ ရရှိခဲ့ပါတယ်။ အက်ဆီယန် ကလည်း လန်ဒန်ကလပ်မှာ ၈ နှစ်ကြာ ကစားခဲ့ပြီး ကွင်းလယ်ကနေ ပါဝါကောင်းကောင်းနဲ့ ကစားပေးခဲ့သူ ဖြစ်ပါတယ်။

ယာယာတိုရေးဟာ ဘာစီလိုနာမှာ ဆုဖလားတွေ ရခဲ့သူ ဖြစ်ပေမယ့်လည်း ၎င်းရဲ့ အကောင်းဆုံး နှစ်တွေကိုတော့ အီတီဟတ်မှာ ဖြတ်သန်းခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ မြင့်မားလှတဲ့ အရည်အသွေးတွေနဲ့ အတူ စီးတီးမှာ ကစားခဲ့တဲ့ ၈ နှစ်မှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရယူပေးခဲ့ပါတယ်။

 

SM