ဘိုင်ယန်တို့ မာနေးကို ခေါ်ယူနိုင်ခဲ့ပေမယ့် ၊ လီဝမ်ဒေါစကီး နေရာ တိုက်ရိုက် အစားထိုးပေးနိုင်မယ့် တဦးတည်းသော တိုက်စစ်မှူးရဲ့ အမည်ကို ထုတ်ဖော်လိုက်တဲ့ မက်တဲယက်စ်

 

ဘိုင်ယန်မြူးနစ် အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း တိုက်စစ် အင်အားဖြည့်တင်းမှု အနေနဲ့ လီဗာပူး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် တောင်ပံ ကစားသမား ဆာဒီယို မာနေးကို မနေ့ကပဲ ယူရို ၃၂သန်းနဲ့ တရားဝင် ခေါ်ယူ စာချုပ်ချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ကလပ် အတွက် ၈နှစ်ကြာ ကစားပေးထားတဲ့ ပိုလန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒါစကီး ဟာ အသင်းပြောင်းခွင့် တရားဝင် တောင်းဆိုထားပေမယ့် ၊ ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အကြပ်အတည်း ပြဿနာကြောင့် ဘာကမ်းလှမ်းမှုမှ မရသေးတာကြောင့် ၊ ၄င်းကို နောက်တရာသီ ဆက်ထိန်းနိုင်ဖို့ ဘိုင်ယန်ဖက်က မျှော်လင်နေဆဲ ဖြစ်ပါတယ် ။

 

ဘိုင်ယန် ကစားသမားသစ် ဖြစ်လာတဲ့ မာနေး ဟာ လိုအပ်ရင် အထောင် တိုက်စစ်မှူး နေရာ ကစားပေးနိုင်တာ မှန်ပေမယ့် ၊ လီဝမ်ဒေါစကီးကဲ့သို့ နံပါတ် ၉ စစ်စစ် ၊ prolific striker စစ်စစ်လို ပြုမူနိုင်မှာ မဟုတ်ပါဘူး ။ ဒီအတွက်ကြောင့် လီဝမ်ဒေါစကီး နေရာ ဖြည့်တင်းဖို့ ဘိုင်ယန်တို့ ရေရှည် အတွက် သွေးသစ်လောင်းဖို့ ၊ ဒီနှစ် မဟုတ်ရင်တောင် လာမယ့် ရာသီမှာ ရှာဖွေဖို့ လိုနေပါတယ် ။

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမန် ဂန္တဝင် ကွင်းလယ်လူဟောင်း လိုသာ မက်တဲယက်စ် က မာနေး မြူးနစ်ကို ပြောင်းလာတဲ့ အပေါ် ဝမ်းသာ ပျော်ရွှင်မိပေမယ့် ၊ လီဝမ်ဒေါစကီးသာ ထွက်ခွာသွားရင် ၊ ထိုနေရာ တိုက်ရိုက် အစားထိုး ဖြည့်တင်းပေးနိုင်မယ့်သူဟာ ချဲလ်ဆီး တိုက်စစ်မှူး ရိုမီလူ လူကာကူ တဦးတည်းသာ ရှိကြောင်း သုံးသပ်သွားခဲ့ပါတယ် ။

မက်တဲယက်စ် က ” ကျွန်တော်ဟာ အခုအချိန် အထိ လူကာကူကို လီဝမ်ဒေါစကီး နေရာ အစားထိုးပေးမယ့် တခုတည်းသော လက်တွေ့ကျတဲ့ ရွေးချယ်မှုလို့ မြင်နေဆဲပါ ။ ဒီလိုမှ မဟုတ်ရင်တော့ နာဂယ်စ်မန်းဟာ ပက်ဂွာဒီယိုလာလို အထောင် တိုက်စစ်မပါတဲ့ ၃ယောက်တန်း တိုက်စစ်အတွဲကို ပုံဖော်ရပါလိမ့်မယ် ။ ”

” ဒါဆို ခင်ဗျားဟာ အသားကျနေပြီးသား ဘိုင်ယန်မြူးနစ်ရဲ့ မိရိုးဖလာ တိုက်စစ် ပုံဖော် ကစားဟန်ကို ဖျက်ဆီးပစ်ဖို့ လိုပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ ဘိုင်ယန်သမိုင်းတလျှောက် တိုက်စစ်မှာ နံပါတ်၉တွေ ဖြစ်ကြတဲ့ ဂတ်မူလာ ၊ ဂျီယိုဗန်နီ အယ်လ်ဘာ ၊ ကလော်ဒီယို ပီဇာရို ၊ မီရိုဆလပ်ဗ် ကလိုဆေး ၊ မာရီယို ဂိုမက်ဇ် ၊ လီဝမ်ဒေါစကီးနဲ့ တခြာသော တိုက်စစ်မှူးများစွာနဲ့ တည်ကစားခဲ့လို့ပါ ။ ”

 

” ရောဘတ် တယောက် ဘိုင်ယန်မှာ ဆက်နေဖို့ ကျွန်တော် မျှော်လင့်ထားဆဲပါပဲ ။ ဒါမှသာ ဘိုင်ယန်ဟာ ချန်ပီယံလိဂ်မှာ တိုက်စစ်အားကောင်းကောင်းနဲ့ ဆက်လက် စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး မက်တဲယက်စ် က မာနေး ဟာ ဘိုင်ယန်နဲ့ ဘွန်ဒက်စ်လီဂါကို ဘယ်လို အကျိုးပြုနိုင်ကြောင်း အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

 

မက်တဲယက်စ် က ” မာနေးကို ခေါ်ယူနိုင်ခဲ့ခြင်း ဟာ ဘိုင်ယန် အတွက်သာမက ၊ ဘွန်ဒက်စ်လီဂါ အတွက်ပါ အရမ်းကောင်းပါတယ် ။ ဒီလို ကစားသမားမျိုး ကျွန်တော်တို့လိဂ်မှာ လာကစားတာကိုက ကြီးကျယ်နေပါပြီ ။ မာနေးဟာ သူမတူအောင် ကောင်းတဲ့ ကစားသမား တယောက်ပါ ။ ”

 

” လီဗာပူးမှာ သူဟာ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေ မြောက်မြားစွာ စွမ်းဆောင်ပေးခဲ့ပြီး ၊ လောလောလတ်လတ် နှစ်တွေမှာ သူလို လုပ်ပြနိုင်တဲ့ တိုက်စစ် ကစားသမား အနည်းအကျဉ်းသာ ရှိပါတယ် ။ ဆီနီဂေါ နိုင်ငံ အတွက်လည်း သူဟာ တကယ့် စံပြပုဂ္ဂိုလ်ကောင်း တဦး ဖြစ်ပြီး ၊ သူ့ကို ဘိုင်ယန်ဂျာစီနဲ့ အတူ မြင်တွေ့ရမှာကို ကျွန်တော် တကယ်ပဲ ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မက်တဲယက်စ်မှ လီဝမ်ဒေါစကီး နေရာ အစားထိုး ဖြည့်တင်းဖို့ အကြံပြုထားတဲ့ လူကာကူ ဟာ ရက်ပေါင်းများစွာ အပြောင်းအရွှေ့ ဆွေးနွေးမှု အပြီး တမြန်နေ့ကပဲ အသင်းဟောင်း အင်တာမီလန်သို့ တရာသီ အငှား ပြောင်းရွှေ့ခွင့် ရသွားပြီ ဖြစ်ပါတယ် ။

 

ူသို့ပေမယ့် အငှား စာချုပ်ထဲမှာ အပြီးသတ် ခေါ်ယူခွင့် ၊ မဖြစ်မနေ ခေါ်ယူခွင့် စတဲ့ အချက်အလက်တွေ တခုမှ မထည့်ထားတာကြောင့် ၊ လာမယ့် ဘောလုံးရာသီ ပြီးတာနဲ့ လူကာကူ တယောက် ချဲလ်ဆီးကို တန်းပြန်လာရဦးမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR