မန်စီးတီး နဲ့ လီဗာပူး တို့ကို ပရီးမီးယားလိဂ်ဆုဖလား အတွက် လာမည့်ရာသီ ခြိမ်းခြောက်နိုင်မယ့် အသင်း ၂ သင်းကို ပြောပြလိုက်တဲ့ ဒေါင်းနင်း

 

စတီး၀မ်ဒေါင်းနင်းက လာမည့် ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့ကို စိန်ခေါ်နိုင်မယ့် အသင်း ၂ သင်းကို ပြောပြသွားခဲ့ပါတယ်။ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ ပြီးခဲ့တဲ့ ရာသီတွေ အတွင်း ပရီးမီးယားလိဂ် ဖလားကို အဓိက ယှဉ်ပြိုင်ခဲ့တဲ့ အသင်း ၂ သင်း ဖြစ်ပြီး နောက်ဆုံး ၅ ရာသီမှာ မန်စီးတီးက ၄ ကြိမ် လီဗာပူးက ၁ ကြိမ် ဆွတ်ခူး ထားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ လက်ရှိချန်ပီယံ ဖြစ်ပြီး မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက final ပွဲစဉ်မှာ ဗီလာကို နောက်ကနေ လိုက်ကစားကာ အနိုင်ရခဲ့ပြီး လီဗာပူးကို တစ်မှတ် အသာ ရယူကာ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူး တို့ဟာ ပြီးခဲ့တဲ့ ရာသီ အတွင်း အမှတ်ပေးဖလား အတွက် နှစ်ကောင်တည်း ပြေးတဲ့ ပြိုင်ပွဲကို ဖန်တီးနိုင်ခဲ့ပြီး ကျန်အသင်းတွေ ကတော့ ဥရောပ ၀င်ခွင့် နေရာတွေ အတွက်သာ တိုက်ပွဲ၀င်ခဲ့ရပါတယ်။

 

ဒါပေမယ့်လည်း လီဗာပူး နဲ့ အင်္ဂလန် တောင်ပံ ကစားသမားဟောင်း ဖြစ်သူ ဒေါင်းနင်း ကတော့ လာမည့်ရာသီ ဂွာဒီယိုလာ နဲ့ ကလော့ တို့ဟာ ပရီးမီးယားလိဂ်ဖလား အတွက် ပိုမို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ကြုံတွေ့ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒေါင်းနင်းက ပြီးခဲ့တဲ့ ရာသီက အဆင့် ၃ နဲ့ အဆင့် ၄ တို့မှာ ရပ်တည်ခဲ့တဲ့ ချဲလ်ဆီး နဲ့ တော့တင်ဟမ် တို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပြီး အာဆင်နယ် နဲ့ တန်းဟတ်ရဲ့ မန်ယူနိုက်တက် တို့ကိုတော့ လျစ်လျူရှုသွား ခဲ့ပါတယ်။

ဒေါင်းနင်းက “ကျွန်တော်ကတော့ ချဲလ်ဆီးဟာ လာမည့် ရာသီမှာ မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့ကို စိန်ခေါ်နိုင်မယ့် ကလပ် အဖြစ် မြင်နေပါတယ်။ သူတို့ဟာ ပိုင်ရှင်သစ် လက်အောက်ကို ရောက်သွားခဲ့ပြီ ဖြစ်သလို ကောင်းမွန်တဲ့ မန်နေဂျာ တစ်ဦးလည်း ပိ်ုင်ဆိုင်ထားပါတယ်။ ပိုင်ရှင်တွေဟာ သူ့ကို ကောင်းကောင်း ပံ့ပိုးပေးလိမ့်မယ်လို့ ကျွန်တော် မြင်နေပါတယ်။

 

သူတို့ဟာ လူကာကူကို အင်တာမီလန်ထံ အငှားချခဲ့ပြီး ရာဟင်းစတားလင်း ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေကာ လူစာရင်းကို ပြုပြင်ပြောင်းလဲ သွားဖို့ လုပ်ဆောင်နေပါတယ်။ သူတို့ဟာ အရည်အသွေး မြင့်မားတဲ့ အသင်း ဖြစ်နေတာကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်ရမှာပါ။ တော့တင်ဟမ် ကတော့ အမှတ်ပေးဖလား အတွက် တိုက်ပွဲ၀င်နိုင်မယ့် အသင်း ဖြစ်လာနိုင်ပါတယ်။

 

သူတို့ဟာ အမှတ်ပေးဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒီဆုဖလားကို စိန်ခေါ်နိုင်စွမ်းတော့ ရှိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကွန်တီဟာ ဒီအသင်း အတွက် မယုံနိုင်စရာတွေ လုပ်ပြထားနိုင်ခဲ့လို့ပါ။ သူတို့ဟာ ကွန်တီ မလာခင်တုန်းက အတော်လေး ရုန်းကန်ခဲ့ရတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။

သူတို့ဟာ ဒီနွေရာသီမှာ အင်အားဖြည့်တင်းမှုတွေ လုပ်ထားခဲ့ကာ စျေးကွက် မပိတ်မီ အထိ ဆက်လုပ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့်လည်း ကွန်တီ ဆက်နေခဲ့တာပါ။ သူတို့ကို အမှတ်ပေးဖလား တိုက်ပွဲထဲကနေ ကျွန်တော် မဖယ်ထုတ်နိုင်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

 

SM