လန်ဒန်မှာ အိမ်ရှာနေပြီ ဖြစ်တဲ့ စတာလင်နဲ့ အခြား ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

 

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ အင်တာမီလန်သို့ အလုပ်မဖြစ်တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူကို တရာသီ အငှားနဲ့ ခဏတာ ဖယ်ထုတ်နိုင်ခဲ့ပြီးနောက် ၊ တိုက်စစ် ပြဿနာ ဖြေရှင်းဖို့ မန်စီးတီး တောင်ပံ ကစားသမား ရာဟင်း စတာလင်ကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက် ဆွေးနွေးလျက်ရှိပါတယ် ။

 

The Athletic သတင်းဌာနရဲ့ အဆို အရ မန်စီးတီးနဲ့ စာချုပ် တနှစ်သာ ကျန်တော့တဲ့ စတာလင် ဟာ အနောက်လန်ဒန်မှာ အိမ်ဝယ်ဖို့ အတွက် လူ၂ဦးထံမှာ မြေနေရာ မေးမြန်ထားကြောင်း သိရပါတယ် ။ ဒါ့အပြင် စတာလင် ကိုယ်တိုင်က ချဲလ်ဆီးသို့ ပြောင်းရွှေ့မယ့် ကိစ္စကို အမှန်တကယ် စိတ်ဝင်စားနေပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဆက်တိုက် ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ စတာလင် အတွက် ချဲလ်ဆီးရဲ့ ပေါင် ၂၅သန်းနဲ့ ကနဦး ကမ်းလှမ်းမှု ဟာ အမှန်တကယ် မဟုတ်ပဲ ၊ ယင်းလန်ဒန် ကလပ်ဖက်မှ စတာလင် အတွက် ဘာမှ ကမ်းလှမ်းမှု မလုပ်ရသေးကြောင်း The Telegraph ရဲ့ ချဲလ်ဆီး ဂျာနယ်လစ် မတ်လောက London is Blue Podcast မှ တဆင့် အတည်ပြုခဲ့ပါတယ် ။

 

သို့ပေမယ့် ယင်းအသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဟာ လာမယ့် ကာတာ ကမ္ဘာ့ဖလားကို သွားခွင့်ရဖို့နဲ့ ချန်ပီယံလိဂ် ကစားခွင့် ရဖို့ ပစ်မှတ်ထားနေတဲ့အပြင် ၊ လန်ဒန်မြို့ကို ပြောင်းလာဖို့ စိတ်ကူးရှိနေတာကြောင့် ၊ ချဲလ်ဆီးဖက်ကသာ ကမ်းလှမ်းမှု လုပ်လာရင် အပြောင်းအရွှေ့ ဖြစ်ဖို့ တွန်းအားပေးနိုင်ကြောင်း သိရပါတယ် ။

Foot Mercato သတင်းဌာနရဲ့ ဖော်ပြချက် အရ ပြင်သစ် လီဂူးဝမ်း ကလပ် နိုက်စ် အသင်းဟာ ချဲလ်ဆီး ဂိုးသမား ကီပါ အရီဇာဘာလာဂါကို တရာသီ အငှားနဲ့ ခေါ်ယူနိုင်ဖို့ လျာထားကြောင်း သိရပါတယ် ။ နိုက်စ် ဟာ မကြာသေးခင်ကမှ အာဂျင်တီးနား ဂိုးသမား ဝေါ်လ်တာ ဘင်နီတက်ဇ်ကို ပီအက်စ်ဗွီ အသင်းသို့ လက်လွှတ်လိုက်ရတာကြောင့် ၄င်းရဲ့ နေရာကို အစားထိုးဖို့ ကီပါကို မျက်စိကျနေတာ ဖြစ်ပါတယ် ။

စပိန် သတင်းဌာန Marca ကတော့ ဘာစီလိုနာ အသင်းဟာ ချဲလ်ဆီး ပစ်မှတ် ဆီဗီလား ခံစစ်မှူး ဂျူးလ်စ်ကွန်းဒေးကို ခေါ်ယူဖို့ မျက်စိကျနေပေမယ့် ၊ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ဘယ်လိုမှ လိုက်လျောဖို့ မတတ်နိုင်တာကြောင့် အခုအခါမှာ ကွန်းဒေး အတွက် ချဲလ်ဆီးတို့ အပြောင်းအရွှေ့ ကိစ္စ လွတ်လွတ်လပ်လပ် ညှိနှိုင်းခွင့် ရှိလာပြီလို့ ဖော်ပြခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ဆောက်သမ်တန် အသင်းသို့ တရာသီ အငှားထွက်ကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ချဲလ်ဆီး အကယ်ဒမီထွက် အယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကို စိန့်တို့ အပြီးသတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ကြောင်း The Sun သတင်းဌာနက ဆိုပါတယ် ။

 

ဒါ့အပြင် ဝက်စ်ဟမ်း ၊ ဘရိုက်တန် အစရှိတဲ့ အလယ်အလတ် ပရီးမီးယားလိဂ် ကလပ် အချို့ဟာ ဘရိုဂျာကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ အပြိုင် စိတ်ဝင်စားနေပေမယ့် ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ ရာသီကြို ပြင်ဆင်မှုမှ အနေအထား အပေါ် မူတည်ပြီး အပြောင်းအရွှေ့ အတွက် အဆုံးအဖြတ် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ် ။

မနေ့ကပဲ အင်တာသို့ တရာသီ အငှား ယူရို ၈သန်းနဲ့ ပြန်ဖို့ သဘောတူညီမှု ရခဲ့တဲ့ လူကာကူရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ လာမယ့် အပတ် မတိုင်ခင် အထိ တရားဝင် ကြေညာဖို့ မရှိသေးကြောင်း Goal သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် နစ်ဇာ ကင်ဆဲလာ က အတည်ပြုခဲ့ပါတယ် ။

 

လူကာကူ ဟာ ဆေးစစ်မှု ခံယူဖို့ မီလန်သို့ လေယာဉ် လက်မှတ် မဖြတ်ရသေးသလို ၊ ခန့်မှန်းခြေ အရ ဇွန်လ ၂၉ရက်နေ့လောက်မှာ တရားဝင် ဂျာစီ ကိုင်ဖြစ်ဖို့ များနေကြောင်း သိရပါတယ် ။ ချဲလ်ဆီး ဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ တော့ဒ်ဘိုလီ ဟာ လူကာကူရဲ့ အပြောင်းအရွှေ့မှာ အားကစား ဒါရိုက်တာ တယောက်လို ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ် ။

CaughtOffiside သတင်းဌာနရဲ့ ဖော်ပြချက် အရ ချဲလ်ဆီး အသင်းဟာ အားထားရတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ကို ၅နှစ် စာချုပ် သက်တမ်းတိုးနိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေပြီး ၊ သဘောတူညီမှု မရသေးပေမယ့် ၊ လစာ ကြီးကြီးမားမား တိုးပေးမယ်လို့ သိရပါတယ် ။

SPORTS MYANMAR