စတာလင်ကို ခေါ်ယူချင်နေတဲ့ ချဲလ်ဆီးနဲ့ သောမတ်စ် တူချယ်ထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ဖရန့် လီဘို့ဖ်

 

ချဲလ်ဆီး အသင်းဟာ မနေ့ညကပဲ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့တဲ့ ကလပ် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား ရိုမီလူ လူကာကူကို အင်တာမီလန်သို့ တရာသီ အငှားနဲ့ ယာယီ ရှင်းနိုင်ခဲ့ပြီဖြစ်တာကြောင့် ၊ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေ လုပ်ဖို့ အပြည့်အဝ အာရုံစိုက်နိုင်တော့မှာ ဖြစ်ပါတယ် ။

ခံစစ်မှူး နေရာဟာ ချဲလ်ဆီး အတွက် ဒီနွေရာသီ အဓိက ဖြည့်တင်းရမယ့် နေရာ ဖြစ်ပေမယ့် ၊ ပြီးခဲ့တဲ့ တရာသီလုံးနီးပါး အဓိက ပြဿနာ ဖြစ်နေခဲ့တဲ့ တိုက်စစ် အဆုံးသတ်ပုံ ဆိုးရွားမှုကိုလည်း ဖြေရှင်းဖို့ လိုနေပါတယ် ။

 

လူကာကူ ဟာ ချဲလ်ဆီးတို့ မျှော်လင့်ခဲ့တဲ့ ကစားသမားမျိုး ဖြစ်မလာတာကြောင့် ၊ ၄င်းရဲ့ နေရာ တိုက်ရိုက် အစားထိုးပေးမယ့် တိုက်စစ်မှူးသစ် တဦး မခေါ်နိုင်ရင်တောင် ၊ အသင်းရဲ့ သွင်းဂိုးတွေကို မျှဝေသွင်းယူပေးမယ့် တောင်ပံတိုက်စစ် ကစားသမားသစ်တွေ လိုအပ်နိုင်ပါတယ် ။

 

ဒီအတွက် လက်ရှိမှာ ချဲလ်ဆီးဟာ မန်စီးတီးရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမား ရာဟင်း စတာလင်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ် ။ စာချုပ် တနှစ်သာ ကျန်တော့သလို ၊ ကစားသမား ကိုယ်တိုင်ကလည်း ပုံမှန် ပွဲကစားခွင့်ကို အလိုရှိနေတာကြောင် ၊ ချဲလ်ဆီးရဲ့ ဆက်သွယ်မှုကို လိုလိုလားလားနဲ့ လက်ခံဖို့ ရှိပါတယ် ။

တဖက်မှာ မန်စီးတီး ဟာ လွန်ခဲ့တဲ့ နှစ်တွေမှာ တရာသီ ၁၀ဂိုးအထက် သွင်းယူပေးထားတဲ့ စတာလင် အတွက် ပေါင်သန်း ၄၀ထက်မနည်းတဲ့ ကမ်းလှမ်းမှုကို မျှော်မှန်းထားပြီး ၊ ၂ဖက် အသင်းအကြား သဘောတူညီမှု တရပ် ရဖို့ လာမယ့် ရက်ပိုင်းအတွင်း ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ စတာလင် ဟာ ချဲလ်ဆီး အတွက် အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပေမယ့် ၊ တိုက်စစ် အဆုံးသတ် ၊ အမြင့်ဘော အဆုံးသတ်တွေမှာ နံပါတ် ၉ တိုက်စစ်မှူးကဲ့သို့ အားထားရမှာ မဟုတ်ကြောင်း အခုလိုပဲ သတိပေးစကား ဆိုခဲ့့ပါတယ် ။

 

ESPN နဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” အကယ်၍ ခင်ဗျားဟာ စတာလင်ဆီက အကောင်းဆုံး အရည်အသွေးတွေ ထုတ်ယူနိုင်မယ်ဆိုရင် ၊ ဒါဟာ အသင်းအတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ ခေါ်ယူမှု တရပ် ဖြစ်ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး ဟာ စတာလင်ဆီက ဘယ်လိုပုံစံ ကစားသမားမျိုး ရလာမှာလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး ။ ”

” သေချာတာကတော့ သူဟာ အံ့သြဖွယ် ကစားသမား တဦးဖြစ်ပြီး ၊ ချဲလ်ဆီး အတွက် ထူးရှယ် အရည်အသွေး တခုခု သယ်ဆောင်လာပေးနိုင်ပါတယ် ။ စတာလင် တဦးတည်းနဲ့ ချဲလ်ဆီးဟာ ကြုံနေရတဲ့ တိုက်စစ် အခက်အခဲ တခုလုံး ဖြေရှင်းလို့ ပြီးမှာ မဟုတ်ပါဘူး ။ အထူးသဖြင့် ဂိုးတွေ ပုံမှန် သွင်းနိုင်ဖို့ ၊ တိုက်စစ် ကစားသမားတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်ရဖို့ အခန်းကဏ္ဍတွေမှာပါ ။ ”

 

” ရိစ်ဂျိမ်းစ်နဲ့ ဘန်ချေဝဲလ်တို့ဆီက ဖြတ်တင်ဘောတွေကို မျှော်ကိုးနေလို့လည်း တိုက်စစ် ပြဿနာ တခုလုံး ဖြေရှင်းပြီးမှာ မဟုတ်ပါဘူး ။ သူတို့သာ အထောင်တိုက်စစ်မှာ ခေါင်းတိုက် ဂိုးသွင်းပေးမယ့် တိုက်စစ်မှူးမျိုး ရှာမတွေ့ဘူးဆိုရင် ပဟေဠိက ပိုပြီး ရှုပ်ထွေးလာနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ စတာလင် ၊ ဗာနာ ၊ ပူလီဆစ် ၊ မောင့်တို့ဟာ ဒီလို ဖြတ်တင်ဘောတွေကနေ ဂိုးအဖြစ် တော်ရုံ ပြောင်းလဲပေးမှာ မဟုတ်လို့ပါပဲ ။ ”

 

” ကိုင်ဟာဗက်ဇ်ဆိုရင်တော့ ဖြစ်နိုင်ပေမယ့် ၊ ဖြတ်တင်ဘောတွေကို အဆုံးသတ်ပေးမယ့် တိုက်စစ် ကစားသမား ချဲလ်ဆီးမှာ လုံလုံလောက်လောက် ရှိမနေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR