လာမည့်ရာသီ top 4 နေရာအတွက် ချဲလ်ဆီး အာဆင်နယ် တော့တင်ဟမ် မန်ယူနိုက်တက် တို့ကို စိန်ခေါ်နိုင်မယ့်အသင်းကို ပြောပြလိုက်တဲ့ ဆာဟာ

 

လူး၀စ်ဆာဟာက လာမည့် ဘောလုံးရာသီမှာ အများ မထင်မှတ်ထားတဲ့ အသင်းတစ်သင်းဟာ top 4 နေရာအတွက် တော့တင်ဟမ် ချဲလ်ဆီး မန်ချက်စတာယူနိုက်တက် နဲ့ အာဆင်နယ် တို့ကို စိန်ခေါ်နိ်ုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဆာဟာ ပြောခဲ့တဲ့ အသင်းကတော့ အခြား မဟုတ်ဘဲ ပြီးခဲ့တဲ့ရာသီက တန်းဆင်းဇုန်နဲ့ ပွတ်ကာသီကာ လွတ်ကင်းခဲ့တဲ့ အဲဗာတန် အသင်းပဲ ဖြစ်ပါတယ်။

အဲဗာတန်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကို တန်းဆင်းရမယ့် အရေးနဲ့ အပြင်းအထန် ရင်ဆိုင်ခဲ့ရကာ နောက်ဆုံးမှာတော့ အဆင့် ၁၆ ၊ တန်းဆင်းဇုန်နဲ့ ၄ မှတ် အကွာမှာ ရပ်တည်ကာ ဆက်လက် ရှင်သန်နိုင်ခဲ့ပါတယ်။

အဲဗာတန်ဟာ ပြီးခဲ့တဲ့ ရာသီ အစတုန်းက ဥရောပ၀င်ခွင့်နေရာတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ tip ပေးခြင်း ခံခဲ့ရတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့်လည်း ဇန်နဝါရီမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဘင်နီတက်ရဲ့ လက်အောက်မှာ ရုန်းကန်ခဲ့ရပြီး လမ်းပတ်ရဲ့ လက်အောက်မှာလည်း တိုးတက်မှု သိပ်ပြီး မရှိခဲ့ပေမယ့် ကံကောင်းစွာနဲ့ တန်းမဆင်းခဲ့ရတာပါ။

 

ဒါပေမယ့်လည်း အဲဗာတန် တိုက်စစ်မှုး ဖြစ်တဲ့ ဆာဟာ ကတော့ သူ့အသင်းဟောင်းဟာ လာမည့်ရာသီက အံ့ဖွယ်အရာတွေ လုပ်ပြနိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

အသက် ၄၃ နှစ်အရွယ် ပြင်သစ် ကြယ်ပွင့်ဟောင်းက အဲဗာတန်ဟာ ချန်ပီယံလိဂ် ၀င်ခွင့် တစ်နေရာစာ အတွက် ချဲလ်ဆီး အာဆင်နယ် မန်ယူနိုက်တက် နဲ့ တော့တင်ဟမ် တို့ကိုတောင် စိန်ခေါ်နိုင်လိမ့်မယ်လို့ ပြောသွားပါတယ်။

 

ဆာဟာက “ပရီးမီးယားလိဂ်ရဲ့ အသင်းတော်တော်များများဟာ top 6 ထဲကို ၀င်ရောက်နိုင်ခြေ ရှိနေကြပြီး top 4 နေရာ အတွက်လည်း စိန်ခေါ်နိုင်သူတွေ ဖြစ်လာနိုင်ပါတယ်။

အဲဗာတန် ကလည်း ဒီအသင်းတွေ ထဲက တစ်သင်း ဖြစ်လာနိုင်ပါတယ်။ အဓိကကျတာကတော့ ရာသီကို ဘယ်လို စတင်သွားနိုင်မလဲ အသင်းတွင်းမှာ ရှိနေတဲ့ ယုံကြည်မှုကို ဘယ်လို manage လုပ်သွားနိုင်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

 

ကျွန်တော်ကတော့ ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာပြသနာတွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ နဲ့ ပွဲတွေ ကျပ်တည်းမှုကို ကောင်းစွာ ဖြေရှင်းနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အကယ်၍ သူတို့ ယုံကြည်မှု စိတ်ဓာတ်ပြင်းထန်မှုတွေနဲ့သာ ကစားသွားခဲ့မယ် ဆိုရင် အဲဗာတန်ဟာ လာမည့်ရာသီမှာ အံ့ဖွယ် အရာတွေ လုပ်နိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ပရီးမီးယားလိဂ်ဟာ တအားကို ခက်ခဲပါတယ်။ အရည်အသွေးရှိတဲ့ တစ်ခုတည်းနဲ့ မသက်ဆိုင်ပါဘူး။ အသင်းဖော်တွေ အချင်းချင်း နားလည်မှု ၊ တစ်ရာသီလုံးစာ ကောင်းစွာ ဖြတ်သန်းနိုင်တဲ့ အသင်းလိုက်စိတ်ဓာတ် နဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကလည်း အရေးပါလှပါတယ်။

ဒီလို အရာတွေဟာ တောင့်တင်းတဲ့ အသင်း ဖြစ်လာစေပါတယ်။ လမ်းပတ် အနေနဲ့ သူ့ရဲ့ အသင်းမှာ အရည်အသွေး ရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိတ်သတ်တွေ အတွက် မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ နွေရာသီမှာ ခံစစ်ပိုင်းကိုတော့ မဖြစ်မနေ ပြုပြင်သွားရမှာ ဖြစ်ပါတယ်။”

အဲဗာတန်ဟာ ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ရာသီရဲ့ အဖွင့်ပွဲစဉ်မှာ လမ်းပတ်ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ချဲလ်ဆီးနဲ့ တွေ့ဆုံနေပြီး အဲဒီနောက် အက်စတွန်ဗီလာ နော့တင်ဟမ်ဖောရက်စ် ဘရန့်ဖို့ဒ် ၊ လိဒ်ယူနိုက်တက် တို့နဲ့ ကစားသွားရမှာပါ။

 

SM