ဗီအဲရာ ကို အာဆင်နယ် အသင်းထံ ရောင်းလိုက်တဲ့ ဈေးဟာ ဆိုးရွားလွန်းတဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုတဲ့ပေါ်တို ဥက္ကဋ္ဌလောင်း

 

ပေါ်တို ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ တတိယ မဲအများဆုံး ရရှိ ခဲ့တဲ့ နူနို လိုဘို ဟာ ဖေဘီယို ဗီအဲရာ ကို အာဆင်နယ် အသင်းထံ ရောင်းချလိုက်တဲ့ ဈေးဟာ နည်းပါး လွန်းတယ်လို့ ဝေဖန် ပြောဆို လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဖေဘီယို ဗီအဲရာ ကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း နဲ့ ခေါ်ယူနိုင်ခဲဲ့ပြီဖြစ်ပြီး ဒီနေ့(သို့မဟုတ်)မနက်ဖြန်မှာ တရားဝင် ကြေညာ သွားဖို့ ရှိပါတယ် ။ ဖေဘီယို ဗီအဲရာ ဟာ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၂၁ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ် ။

 

ပေါ်တူဂီ ကြယ်ပွင့်ဟာ မနှစ်က ပေါ်တို အသင်းအတွက် လိဂ်ပြိုင်ပွဲ ၂၇ ပွဲ ကစားရာမှာ ၆ ဂိုးသွင်း ၊ ၁၄ ဂိုး ဖန်တီးပေးခဲ့ပြီး လိဂ်ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဖြစ်ပါတယ် ။

ဖေဘီယို ဗီအဲရာဟာ မတ်တာနာ ၊ မာကွင်ဟိုစ့် တို့ပြီးနောက် အာဆင်နယ် အသင်းရဲ့ နွေရာသီ တတိယမြောက် ခေါ်ယူမှု ဖြစ်လာမှာပါ ။ ပေါ်တိုအသင်းရဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင် ခဲ့ဖူးတဲ့ လိုဘို ကတော့ ဗီအဲရာ မှာ အသင်းရဲ့DNA ရှိပြီး သူ့ကို ရောင်းလိုက်တဲ့ဈေးဟာ ဆိုးရွားလွန်းတယ်လို့ ဆိုပါတယ် ။

 

လိုဘို က ” သူ(ဗီအဲရာ) က ပေါ်တို အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ၊သူ့ကို ဒီဈေးလောက်နဲ့ ရောင်းချ လိုက်တာက ဆိုးရွားလွန်းတဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ ။ ”

” ကျွန်တော်တို့ အခု ပေါ်တို အသင်းရဲ့အဖိုးတန် ကြယ်ပွင့်ထဲက တစ်ဦး အကြောင်း ၊ အကယ်ဒမီ က ထွက်ပေါ် လာတဲ့ ကစားသမား တစ်ဦး အကြောင်း ပြောနေတာပါ ။ ပေါ်တို အသင်း ရဲ့ DNA ရှိတဲ့ ကစားသမား တစ်ဦးပေါ့ဗျာ ။ ”

 

” ကျွန်တော်တို့ သူ့ကို ဆုံးရှုံး ခဲ့ရပါတယ် ၊ ကျွန်တော် လုံးဝ နားလည် ပေးလို့ မရတဲ့ နောက်ထပ် အပြောင်းအရွှေ့တစ်ခုပါပဲ ။ ပေါ်တို အသင်း မယုံနိုင်လောက်အောင် အောက်ကြေး နဲ့ ရောင်းချ လိုက်တဲ့ ကစားသမား တစ်ဦး အကြောင်း ပြောနေတာ ဖြစ်ပါတယ် ။ ”

” သူတို့က ကျွန်တော်တို့ အသင်းရဲ့အကယ်ဒမီ က ထွက်ပေါ် လာတဲ့ သူတွေပါ ၊ သူတို့ကို ယုံနိုင်စရာ မရှိတဲ့ ဈေးနှုန်းတွေ နဲ့ ထွက်ခွာခွင့် ပြုလိုက်တာပါ ။ ” လို့ပြောကြား သွားခဲ့ပါတယ် ။

 

SM