ယူဗင်တပ်စ်တို့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဒီမာရီယာကို အာဂျင်တီးနား ဂန္တဝင် တဦးနဲ့ ခိုင်းနှိုင်း ချီးကျူးလိုက်တဲ့ ဘူဖွန်

 

ပီအက်စ်ဂျီ အသင်းနဲ့ အတူ ၇နှစ်ကြာ လက်တွဲလာခဲ့တဲ့ အာဂျင်တီးနား ဝါရင့် တောင်ပံတိုက်စစ် ကစားသမား အိန်ဂျယ် ဒီမာရီယာ ဟာ စာချုပ်သစ် ထပ်မချုပ်ခဲ့တာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ free agent ကစားသမား တဦး ဖြစ်လာပါတယ် ။

လောလောဆယ်မှာ စီးရီးအေ အင်အားကြီး ကလပ် တသင်း ဖြစ်တဲ့ ယူဗင်တပ်စ် ဟာ ယင်းအာဂျင်တိုင်းသားကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ် ။ ဒီမာရီယာ ဟာ ပီအက်စ်ဂျီနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ ကာလ တလျှောက် ဥရောပ အောင်မြင်မှုကလွဲပြီး ၊ စုစုပေါင်း ဖလား ၁၈လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

 

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို အာဂျင်တီးနားနဲ့ အတူ ဆင်နွှဲခွင့်ရဖို့ ဒီမာရီယာ အတွက် ယူဗင်တပ်စ် ဟာ လက်တွေ့ကျတဲ့ ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ် ။ ဒီမာရီယာနဲ့ အတူ ပီအက်စ်ဂျီမှာ ကစားခဲ့ဖူးတဲ့ အီတလီ လက်ရွေးစင် ဂိုးသမားဟောင်း ဂျီယန်လူဂျီ ဘူဖွန် က စီးရီးအေမှာဆို ဒီမာရီယာ ဟာ ယခင် နာပိုလီမှာ ဂန္တဝင် ဖြစ်ခဲ့တဲ့ ဒီယေဂို မာရာဒိုနာလို ဖြစ်လာမယ့် အကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

La Gazetta Dello Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဘူဖွန် က ” အခုအချိန်မှာ စီးရီးအေကို ပြန်ပြောင်းလာမယ်ဆိုရင် ဒီမာရီယာ ဟာ မာရာဒိုနာလို ဖြစ်ပါလိမ့်မယ် ။ ကျွန်တော် ပြောတာ ရှင်းရဲ့လား ? ဘောလုံးသမားတွေဟာ သူတို့ ကစားတဲ့ နေရာကို လိုက်ပြီး ၊ တန်ဖိုးထားခံရဖို့ ထိုက်တန်ပါတယ် ။ အခုခေတ်မှာ စီးရီးအေဟာ နည်းစနစ်ပိုင်းအရ ပိုပြီး အားနည်းနေပါတယ် ။ ”

” အိန်ဂျယ်မှာ နည်းစနစ် အရည်အသွေးကောင်း များစွာ ရှိနေပါတယ် ။ ဂိုးပေါက်ရှေ့မှာ သူဟာ အဆုံးအဖြတ် ပေးနိုင်ပြီး ၊ ပြိုင်ဖက် ကစားသမားတွေကိုလည်း လွယ်လင့်တကူ လိမ်ခေါက်နိုင်စွမ်း ရှိပါတယ် ။ အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှု လုပ်ပေးရမှာ ကျွမ်းကျင်သလို ၊ တိုက်စစ် ခံစစ် ညီညီမျှမျှ အတက်အဆင်း လုပ်ပေးနိုင်ပါတယ် ။ ”

” သူဟာ မတူညီတဲ့ အခန်းကဏ္ဍတွေမှာ ကစားပေးနိုင်ပြီး ၊ အတိုချုံး ပြောရရင် သူဟာ ဘောလုံးသမား တယောက် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဘူဖွန်ဟာ အခုအခါမှာ အသက် ၄၄နှစ် အရွယ် ရှိလာပေမယ့် ၊ ဘောလုံးသမား ဘဝက အနားမယူသေးပဲ ၊ အသင်းဟောင်း ပါးမားနဲ့ အတူ ဆက်ကစားနေဆဲ ဖြစ်ပါတယ် ။

 

ဘူဖွန် က ” ကျွန်တော်ဆို အသက် ၄၄နှစ် ရှိပါပြီ ။ ဒါပေမယ့် ကျွန်တော် ဘောလုံး ဆက်ကစားနေဆဲပါပဲ ။ အသက်အရွယ်က အဓိကမကျပါဘူး ။ ကစားလိုစိတ်နဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကသာ ပိုပြီး အရေးကြီးပါတယ် ။ ဒီမာရီယာသာ ယူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ၊ ဒါဟာ သူ ကစားသမား ဘဝ ရှေ့ဆက်ဖို့ အသင့်ဖြစ်နေတယ် ဆိုတာ ဖော်ညွှန်းနေတာ ဖြစ်ပါမယ် ။ ”

” ကျွန်တော်တို့ဟာ စံနမူနာ ထားထိုက်တဲ့ ပရော်ဖက်ရှင်နယ် တဦး အကြောင်း ၊ ထရိန်နင်မှာ ဖြစ်ဖြစ် ၊ တကယ့်ပွဲတွေမှာဖြစ်ဖြစ် ဘယ်တော့မှ အရှုံးမပေးပဲ တိုက်ပွဲဝင်နေတဲ့ ကစားသမား တယောက် အကြောင်း ပြောနေကြတာပါ ။ ကျွန်တော် ထပ်ပြောပါမယ် ။ အခုခေတ် စီးရီးအေ အနေအထားနဲ့ဆို သူဟာ ခေတ်သစ် မာရာဒိုနာ ဖြစ်နိုင်ပါတယ် ။ ”

 

” ပီအက်စ်ဂျီမှာ ကျွန်တော်ဟာ နေမာ ၊ ကီလီယန် အမ်ဘတ်ပေ ၊ မာကို ဗာရက်တီ အစရှိတဲ့ ဒိတ်ဒိတ်ကြဲ ကစားသမားကောင်းတွေနဲ့ အတူ တွဲကစားခဲ့ဖူးပါတယ် ။ ဒါပေမယ့် ဒီမာရီယာဟာ သူတို့ရဲ့ အနောက် ဘယ်တုန်းကမှ ရောက်မသွားပါဘူး ။ ”

” သူဟာ ၂၀၁၄ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ ၁၀ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့စဉ်က ကာရင် ဘန်ဇီမာ ၊ ခရစ်တီယာနို ရော်နယ်ဒို ၊ လူကာ မိုဒရစ် ၊ တိုနီ ကရူးစ်တို့နဲ့ တွဲကစားခဲ့တာပါ ။ အများရဲ့ အမြင်မှာတော့ ဒိတ်ဒိတ်ကြဲ ကစားသမားတွေနဲ့ ယှဉ်လိုက်ရင် အမြဲတမ်း ချီးကျူးမခံရပါဘူး ။ ”

” ဒါပေမယ့် သူဟာ တောင်ပံ ကစားသမား ၊ ကွင်းလယ်တိုက်စစ် ကစားသမား တယောက် အနေနဲ့ ဘယ်လို ကစားရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ။ ကျွန်တော်ကတော့ ယူဗီက သူ့ကို ခေါ်ဖို့ မျှော်လင့်ပေမယ့် ၊ သူ့ကို ခေါ်ယူနိုင်တဲ့ ဘယ်အသင်းမဆို ၊ တကယ့် ချန်ပီယံ တဦးကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR