အနာဂတ် နဲ့ ပတ်သက်ပြီး မကြာခင် ဆုံးဖြတ်ချက် ချတော့မယ့် ဒမ်ဘီလီ

ဘာစီလိုနာ တောင်ပံ ကစားသမား ဒမ်ဘီလီ က အားလပ် ခရီးကနေ ပြန်လာခဲ့ပြီ ဖြစ်လို့ ၊ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး မကြာခင်မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကစားသမားဟာ သူ့အတွက် ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းမှုတွေ အားလုံးကို သုံးသပ်နေပြီး ၊ အကောင်းဆုံး ရွေးချယ်မှု တစ်ခု လုပ်ဖို့ ပြင်ဆင်လျှက် ရှိနေပါတယ်။

ဘာစီလိုနာ မှာ ဆက်နေနိုင်တဲ့ အခွင့်အရေး က နည်းပါး သထက် နည်းပါးလာခဲ့ပါပြီ။ ဘာစီလိုနာ ဟာ လောလောဆယ်မှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ခြင်း မရှိသေးသလို ၊ မှတ်ပုံတင်လို့လဲ မရသေးပါဘူး။ အဓိက အကြောင်းအရင်းက ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဖြစ်ပါတယ်။

ဒမ်ဘီလီ အတွက် သူတို့ ကမ်းလှမ်းထားတဲ့ ပမာဏ ဟာ အခြား ကလပ်တွေ က ကမ်းလှမ်းတဲ့ စာချုပ်တွေထက် တော်တော်လေးကို နည်းပါးနေပါတယ်။ ဒါကြောင့် ဒီလ အကုန်မှာပဲ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာဖို့ ရာခိုင်နှုန်း များနေပါတယ်။

ပြီးခဲ့တဲ့ ကာလ တစ်ခုအတွင်း အပြောင်းအလဲတွေ သိပ်မဖြစ်ခဲ့သလို ၊ ဘာစီလိုနာ ဘက်ကလဲ လိုလိုချင်ချင် နဲ့ လစာတိုးပေးပြီး ကမ်းလှမ်းတာမျိုးတွေ မရှိခဲ့ပါဘူူး။

ဒမ်ဘီလီ နဲ့ ချဲဆီး ကိုယ်စားလှယ်တွေ အကြား ဆွေးနွေးမှုတွေဟာ တိုးတက်မှုတွေ အများကြီး ရှိနေတယ်လို့ နားလည်ရပြီး ၊ လန်ဒန် ကလပ်ဆီ ဦးတည်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ နူးကမ့်ကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ အချိန်က စလို့ ၊ ဒမ်ဘီလီ ရဲ့ စွမ်းဆောင်ရည်တွေ အပေါ် ဆက်တိုက် ချီးကျူးမှုတွေ လုပ်ဆောင်ထားခဲ့ ပါတယ်။

ဆက်စပ် သတင်းတွေ ကို ပြောရရင် ဘာစီလိုနာ နဲ့ ယူနိုက်တက် တို့ အကြားက ဒီဂျောင် ရဲ့ အပြောင်းအရွှေ့ ကိစ္စ ညှိနှိုင်းမှုတွေမှာ အခုထိ တိုးတက်လာခြင်း မရှိသေးပါဘူး။ ကတ်တလန် ကလပ်ဖက် က ပြောင်းရွှေ့ကြေးကို စုစုပေါင်း ယူရို သန်း 100 အထိ လိုချင်နေပေမယ့် ၊ ယူနိုက်တက် ကတော့ စွမ်းဆောင်မှုပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှုတွေ အပါအဝင် အကုန်လုံးပေါင်းမှ ယူရို သန်း 80 ထက် ပိုမပေးချင်ပဲ ဖြစ်နေတာပါ။

အဲဒီ ကွာဟချက် နှစ်ခု အကြား ညှိနှိုင်းဖို့ အလားအလာတွေ မရှိဘူး ဆိုရင် ယူနိုက်တက် ဘက်က နောက်ဆုတ်ဖို့တောင် အသံလွှင့်နေပါတယ်။ သူတို့ နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ယူရို သန်း 100 အထိတော့ ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။

သို့သော် နည်းပြသစ် တန်ဟတ် က ဒီဂျောင် ကို အမှန်အကန် လိုချင်နေပြီး ၊ အိုးထရက်ဖို့ဒ် မှာ ပြန်လည် ပေါင်းစည်းဖို့လဲ ဆန္ဒရှိနေပါတယ်။ ဘာစီလိုနာ ဘက်ကလဲ သူတို့ရဲ့ ဘဏ္ဍာရေး အကျပ်အတည်း ပြေလည်ဖို့အတွက် ကစားသမားရောင်းချမှုတွေ မဖြစ်မနေ လုပ်ဆောင်ရမှာပါ။

The Mirror ရဲ့ ဖော်ပြချက်အရ “ ယူနိုက်တက် ဟာ ဒီဂျောင် ကို အမှန်အကန် လိုချင်နေသည့်တိုင်အောင် ၊ ဘာစီလိုနာ ရဲ့ အကျပ်အတည်းကို အသက်ရှုချောင်ဖို့အတွက် မတန်တဆ ဈေးပေးမှာ မဟုတ်ဘူး” လို့ ရေးသားထားပါတယ်။

ယူနိုက်တက် ဟာ ဒီဂျောင် အတွက် ယူရို သန်း 70 နဲ့ ကမ်းလှမ်းထားပြီး ၊ စွမ်းဆောင်မှု ပိုင်းဆိုင်ရာ နောက်ထပ် ပေးချေမှု ယူရို 10 သန်း ထည့်သွင်းထားပါတယ်။

SM