‘ ကျွန်တော်လည်း အမှားတွေ လုပ်တတ်တာပါပဲ ‘ – လက်ရွေးစင် အသင်းဖော် အာနိုးရဲ့ ခံစစ် ကစားပုံ အားနည်းခြင်း အပေါ် ကာကွယ်ပြောဆိုလိုက်တဲ့ ရိစ်ဂျိမ်းစ်

လက်ရှိ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ညာနောက်ခံလူ နေရာဟာ တချိန် အင်္ဂလန် ရွှေရောင်မျိုးဆက်ခေတ်က ကွင်းလယ်မှာ ဖရန့် လမ်းပတ် ၊ စတီဗင် ဂျရတ် ၊ ပေါလ်စခိုးလ်တို့ အနက် ဘယ်သူ အကောင်းဆုံးလဲ ဆိုတာ ငြင်းခုံခဲ့ရတဲ့ အနေအထားနဲ့ ခပ်ဆင်ဆင် ဖြစ်နေပါတယ် ။

ပြီးခဲ့တဲ့ ၂နှစ် အတွင်း အင်္ဂလန် ညာနောက်ခံ နေရာမှာ လက်ရွေးစင် အဆင့် ကစားပေးနိုင်တဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့် အရေအတွက် ပိုများလာခဲ့ပါတယ် ။ လက်ရှိမှာတော့ အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ ညာနောက်ခံလူ ၅ဦး အထိ ရွေးချယ်ထားတာကို တွေ့ရပါတယ် ။

ထိုအထဲမှာ မန်စီးတီး နောက်ခံလူ ကိုင်လ်ဝေါ်လ်ကာ ၊ လီဗာပူး နောက်ခံလူ ထရန့် အလက်ဇန္ဒား အာနိုး ၊ ချဲလ်ဆီး နောက်ခံလူ ရိစ်ဂျိမ်းစ် ၊ နယူးကာဆယ် နောက်ခံလူ ကီရန် ထရစ်ပီယာ ၊ ဆောက်သမ်တန် နောက်ခံလူ ဝေါ်လ်ကာ ပီတာစ်တို့ ပါဝင်နေပါတယ် ။

ဒီအတွက်ကြောင့် ထို၅ဦးလုံး ဟာ အင်္ဂလန်ရဲ့ ပွဲအားလုံးကို ညီတူမျှတူ မကစားရပဲ ရှိနေပါတယ် ။ တဖက်မှာ အာနိုးနဲ့ ရိစ်ဂျိမ်းစ်တို့ အနက် ဘယ်သူက ပိုကောင်းတဲ့ ညာနောက်ခံလူ ဖြစ်လဲ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွင်း ငြင်းခုံမှုတွေက ပိုမို မြင့်တက်လာခဲ့ပါတယ် ။

အာနိုး ဟာ တိုက်စစ် လိုက်ပါတဲ့ နေရာမှာ သူမတူအောင် ထူးချွန်ပေမယ့် ၊ ခံစစ်ပိုင်း အာရုံစိုက်တဲ့ နေရာမှာတော့ အားနည်းတယ် ဆိုတာ ပဲရစ်က ချန်ပီယံလိဂ်ဖိုင်နယ်နဲ့ ပြီးခဲ့တဲ့ ရာသီမှ အရေးပါတဲ့ အခိုက်အတန့် အချို့တွေမှာ မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ် ။

သို့ပေမယ့် လက်ရွေးစင် အသင်းမှာ နေရာလုဖက်ဖြစ်တဲ့ ရိစ်ဂျိမ်းစ်ကတော့ အာနိုးဖက်မှ ကာကွယ်ပေးတဲ့ အနေနဲ့ ” ကျွန်တော်လည်း အမှားတွေ လုပ်တတ်တာပါပဲ ။ ဟန်ဂေရီနဲ့ ပွဲမှာဆို ပင်နယ်တီတောင် ကျွန်တော် ပေးခဲ့မိပါတယ် ။ ကျွန်တော်တို့တွေဟာ အခုအချိန်ထိ သင်ယူနေဆဲ ဖြစ်ပါတယ် ။ လီဗာပူး ဟာ ၉၅ ရာခိုင်နှုန်းလောက် ဘောလုံး ကိုင်ကစားတတ်ပြီး ၊ သူဟာ ကျွန်တော့လောက်တော့ အသင်း အပေါ် ခံစစ် မကူပေးရပါဘူး ။ ”

” လူတွေမှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ငြင်းခုံစရာ အများကြီး ရှိပေမယ့် ၊ ကျွန်တော်ကတော့ ဘာလို့ ဒီလိုတွေ ငြင်းနေကြလဲ ဆိုတာ စဉ်းစားမရပါဘူး ။ ထရန့်ဟာ ကြီးကျယ်တဲ့ ကစားသမား တယောက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ရိစ်ဂျိမ်းစ် က သူကစားရတာ အားသန်တဲ့ နေရာ အကြောင်း အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

ရိစ်ဂျိမ်းစ် က ” ကျွန်တော်ဟာ တိုက်စစ် တက်ကစားရတာ ၊ အခွင့်အရေးတွေ ဖန်တီးရတာ ၊ ဂိုးသွင်းရတာတွေ ကြိုက်ပါတယ် ။ ဒါပေမယ့် တချိန်တည်းမှာလည်း ကိုယ့်အလုပ်က ခုခံဖို့ ၊ Clean Sheet ထိန်းသိမ်းဖို့ ၊ အသင်းဖို့ ကူညီပေးဖို့လည်း လုပ်ရပါတယ် ။ ဒီရှုထောင့် ၂ခုကြားက ဟန်ချက်ညီမျှမှုကို ကျွန်တော် နှစ်သက်လိုလားပါတယ် ။ ”

” ၃ယောက်တန်း ခံစစ် ကစားတဲ့အခါ ကျွန်တော် ဟာ wing-back ဖြစ်သွားပြီး ၊ တိုက်စစ်ကို ပိုပြီး လွတ်လွတ်လပ်လပ် လိုက်ပါခွင့် ရပါတယ် ။ ဒါပေမယ့် ၄ယောက်တန်း ခံစစ်မှာတော့ ကျွန်တော် ဟာ စင်စစ် နောက်ခံလူ တဦးနဲ့ ပိုတူသွားပြီး ၊ တိုက်စစ် လိုက်ပါဖို့ နည်းနည်း အခက်တွေ့ရပါတယ် ။ ”

” ငယ်ငယ်တုန်းက ကျွန်တော် ဟာ တိုက်စစ်မှူး ဖြစ်ခဲ့ပြီး ၊ ဂိုးတွေ အများကြီး သွင်းခဲ့ဖူးပါတယ် ။ အဲဒီနောက် ကွင်းလယ် ၊ ကွင်းလယ်ကနေ ခံစစ်ကို တဖြည်းဖြည်း ရွှေ့ကစားခဲ့တာပါ ။ တူညီတဲ့ အချက်ကတော့ တိုက်စစ် လိုက်ပါရတာကို ကြိုက်နှစ်သက်ခြင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဆောက်ဂိတ်ဟာ အာနိုးနဲ့ ရိစ်ဂျိမ်းစ်တို့ကို ပိုမို အားကိုးလာတာကြောင့် ၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အားထားခဲ့ရတဲ့ ဝါရင့် ညာနောက်ခံလူ ကိုင်လ်ဝေါ်လ်ကာကို လျှော့သုံးလာတာ တွေ့ရပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရိစ်ဂျိမ်းစ် က သူ့ရဲ့ ထင်မြင်ချက်ကို အခုလိုပဲ ချပြခဲ့ပါတယ် ။

ရိစ်ဂျိမ်းစ် က ” အဆုံးမှာ လူတိုင်းကတော့ ပွဲထွက် ကစားချင်ကြတာပါပဲ ။ ကစားသမားတိုင်းက ကိုယ်နေရာရသင့်တယ်လို့ ယုံကြည်ကြတာချည်းပါပဲ ။ ဒီတော့ တချို့သော အခိုက်အတန့်တွေမှာ အခက်ကြုံရပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး ၊ စုစုစည်းစည်း ရှိနေဖို့ လိုပါတယ် ။ ”

” ကိုယ့်အလှည့် အခွင့်အရေး ရလာတဲ့အခါ အဆင်သင့်ဖြစ်နေရမှာပါ ။ ကိုင်လ်နဲ့ ကျွန်တော့ အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေသာ ရှိပါတယ် ။ အမြဲတမ်း သူ ကျွန်တော့ကို ကူညီပေးဖို့ ကြိုးစားပါတယ် ။ သူဟာ ကျွန်တော့ကို အကောင်းဆုံး ဖြစ်စေချင်တာပါ ။ ဒါဟာ ကျွန်တော့ရဲ့ ကစားသမား ဘဝ လမ်းကြောင်းမှန်ပေါ်မှာ ဆက်လက် လျှောက်လှမ်းနိုင်ဖို့ သေချာပေါက် အထောက်အကူ ပေးပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR