အကောင်းဆုံးမဖြစ်သေးလို့ အကောင်းဆုံးထဲမပါတာလို့ ပြောရင်း ပိုကြိုးစားဖို့တိုက်တွန်းလိုက်တဲ့ ဒက်ဒီ ဆွန်

တော့တင်ဟမ် ဟော့စပါး တောင်ပံ ကစားသမားလေး ဆွန်ဟောင်မင် ရဲ့ PFA အကောင်းဆုံး အသင်း စာရင်းကနေ ချန်လှပ် ခံရတာ ၊ Players’ Player of the Year စကာတင် စာရင်းမှာ မပါဝင် ခဲ့တာတွေဟာ ပရီးမီးယားလိဂ် ရာသီ အကုန် ကာလတွေကို ပြင်းပြင်း ထန်ထန် ရိုက်ခတ်ခဲ့ ပါတယ် ။

အထူးသဖြင့် အာရှ အခြေစိုက် သတင်းဌာနတွေက ဆွန်ဟောင်မင် ဟာ အာရှသား ဖြစ်တာကြောင့် အခုလို ကြင်ဖယ်ခြင်း ခံထားရတာလား ဆိုတဲ့ မေးခွန်းတွေ ကို ထုတ်လာခဲ့ ကြပါတယ် ။

ဆွန် ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ရဲ့ ရွှေဖိနပ်ဆုကို မိုဟာမက် ဆာလာ နဲ့ အတူ ပူးတွဲ ရရှိ ခဲ့ပြီး အင်္ဂလန် မှာသာမက ဥရောပ ထိပ်သီးလိဂ် ၅ ခုစလုံး အတွင်းမှာ ရွှေဖိနပ်ဆုကို ရယူနိုင်တဲ့ ပထမဆုံးသော အာရှသား ဖြစ်လာခဲ့ ပါတယ် ။

ဆွန် ဟာ PFA Team of the Season ရဲ့ တိုက်စစ်မှာ ပါဝင်ခဲ့တဲ့ ရိုနယ်ဒို နဲ့ မာနေး ထက် စွမ်းဆောင်ရည် သာလွန် ခဲ့တာကြောင့် ကိုရီးယားသား ချန်လှပ် ခံရမှုဟာ တာဝန်ရှိသူတွေ အတွက် အရှက်ရစရာ ၊ ဝေဖန်စရာ ကိစ္စ တခု ဖြစ်စေခဲ့ ပါတယ် ။

ဒါပေမယ့် ဆွန်ဟောင်မင် ရဲ့ ဖခင် ဖြစ်သူ ဆွန်ဝန်းချန် ကတော့ သား ဖြစ်သူဟာ အကောင်းဆုံး အဆင့်ကို မရောက်သေးကြောင်းနဲ့ အခုထက် ပိုပြီး ကြိုးစားဖို့ လိုအပ် နေသေးကြောင်း ပြောကာ တွန်းအားပေး သွားခဲ့ ပါတယ် ။

“သူ့အနေနဲ့ ( ဆွန်ဟောင်မင် ) အခုထက် ပိုကြိုးစားပြီး ပိုတိုးတက်လာအောင် လုပ်ရ ပါမယ် ။ အခု ရထားတာလောက်နဲ့ ကျေနပ် တင်းတိမ်လိုက်မယ် ဆိုရင်တော့ သူ့ဘ၀ ဇာတ်သိမ်း သွားမှာပါ ။

အကောင်းဆုံး ပုံစံမှာ အမြဲတမ်း ရှိနေဖို့ ၊ အမြဲ အကောင်းဆုံး ခြေစွမ်းတွေ ထုတ်ပြနိုင်ရ ပါမယ် ။

ကျွန်တော်ကတော့ သူ့ကို လက်ရှိ အခြေအနေထက် ၁၀% ပိုကောင်းအောင် လုပ်ဖို့ပဲ အမြဲ ပြောပါတယ်” လို့ ဆွန်ဝန်းချန် က အင်တာဗျူးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဆွန်ဝန်းချန် က သားဖြစ်သူ ဆွန်ဟောင်မင် အနေနဲ့ အသင်း တသင်းသင်း ကို ပြောင်းရွှေ့နိုင်တဲ့ အလားအလာ ရှိကြောင်းကိုလည်း တပါတည်း အရိပ်အမြွက် ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“သူ့ အနေနဲ့ ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲက တသင်းမှာ တကယ် တည်ငြိမ်တဲ့ ခြေစွမ်း နဲ့ ကစားပုံကို ပြသရပါမယ် ။ ဒါက သူ ကမ္ဘာ့ အဆင့် ဖြစ်လာရင်ပေါ့ . . . အခုနက ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ဒီအဆင့်ကို ရောက်ဖို့ ၁၀% လောက် သူ ပိုကြိုးစားဖို့ လိုပါတယ်”

“ဒီနှစ်ထဲမှာ ကျွန်တော့သား ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် နောက်နှစ်မှာ အခုလောက် သွင်းနိုင်မယ်လို့ ဘယ်အရာကမှ အာမ မခံပါဘူး ။ အခက်အခဲတွေက အမြဲ ရောက်လာမှာပါ ၊ အဆင်သင့် ပြင်ထားတဲ့ သူတွေမှသာ ရှင်သန် နိုင်မှာပါ ။ သူ့အနေနဲ့ ကြုံလာရနိုင်တဲ့ အရာရာတိုင်း အတွက် သတိကို အမြဲ မပြတ်ဖွင့်ထားဖို့ လိုပါတယ် ။

အခု ရထားတာလောက်နဲ့ ဂုဏ်ယူနေဖို့ မသင့်ပါဘူး” လို့ ဆွန်ဝန်းချန် က ပြောဆို သွားခဲ့ ပါတယ် ။

ဆွန် ဟာ လက်ရှိမှာ တောင်ကိုရီးယား လက်ရွေးစင် အသင်းရဲ့ ခြေစမ်းပွဲတွေ မှာ ပါဝင် ကစားပေး နေပြီး ၂ ပွဲ ဆက်တိုက် ဖရီးကစ် ကနေ ဂိုးသွင်းယူ ထားခဲ့ ပါတယ် ။

တောင်ကိုရီးယား ပြည်သူတွေဟာ ဆွန် ကို သူရဲကောင်း တယောက်လို သောင်းသောင်းဖျဖျ ကြိုဆို ခဲ့သလို ကိုရီးယား သမ္မတ ကလည်း အားကစားသမားတွေကို ပေးအပ်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ပေးအပ် ချီးမြှင့် သွားခဲ့ ပါတယ် ။

SPORTS MYANMAR