လီဝန်ဒေါစကီး နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်း နည်းပြ ဂွာဒီယိုလာ ဟာ Puma Legends Trophy ပြိုင်ပွဲ အတွက် မာယော့ကာ ကို ရောက်ရှိနေစဉ် အားကစား အကြောင်းအရာ တော်တော်များများကို ဆွေးနွေး ပြောဆို ခဲ့ပြီး သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာ အကြောင်းလည်း ပါဝင် ခဲ့ပါတယ် ။

ဂွာဒီယိုလာ ဟာ လက်တစ်လောမှာ အတော်လေး သတင်းတွေ ထွက်နေတဲ့ ဘာစီလိုနာ နဲ့ လီဝန်ဒေါစကီး တို့ရဲ့ အပြောင်းအရွှေ့သတင်းအပေါ်လည်း မှတ်ချက် ပေးခဲ့ပြီး ပိုလန်သားဟာ သူ့ရဲ့ အသင်းဟောင်းမှာ လုံးဝ အံဝင်မယ့် ကစားသမားလို့ ဆိုပါတယ် ။

” အရိုးသားဆုံး ပြောရရင် ကျွန်တော် မသိပါဘူး ၊ ဒါပေမယ့် သူက အသင်းအတွက် ကောင်းမွန်တဲ့ အံဝင်မှု ဖြစ်နိုင်မလား ၊ ကျွန်တော်တို့က အခု လီဝန်ဒေါစကီး အကြောင်း ပြောနေကြတာပါ ။ သူက ဘယ်နေရာမှာမဆို လုံးဝ အံဝင်အောင် ကစားနိုင်မယ့် သူမျိုး ဖြစ်ပါတယ် ။ ”

” ဒါပေမယ့် သူ့ကို ဘာစီလိုနာ အသင်း ခေါ်ယူနိုင်မှာလား ဆိုတာ ကျွန်တော်မသိပါဘူး ၊ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုရင် ဘာစီလိုနာ အသင်းရဲ့ငွေရေးကြေးရေး အခြေအနေ နဲ့ ဘိုင်ယန်မြူးနစ် အသင်းက ထွက်ခွာခွင့်ပြုမှာလား ဆိုတာကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်တာကြောင့်ပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

လီဝန်ဒေါစကီး ကတော့ ဘိုင်ယန်မြူးနစ် အသင်းက ထွက်ခွာချင်ပြီး သူ့ကို ထွက်ခွာခွင့် ပေးဖို့ တောင်းဆို ထားပါတယ် ။ ” ကျွန်တော့်စိတ်ထဲမှာ တစ်စုံတစ်ရာက သေဆုံး သွားခဲ့ပါပြီ ၊ ကျွန်တော့်ဘဝ ရဲ့ နောက်ထပ် ခံစားချက်တွေ အတွက် ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာချင်ပါတယ် ။ ”

” ကျွန်တော် ဘိုင်ယန်မြူးနစ် အသင်းကပဲ ထွက်ခွာချင်ပါတယ် ၊ သစ္စာတရား နဲ့ လေးစားမှုက အလုပ်ထက် ပိုအရေးပါပါတယ် ၊ အသင်းတစ်သင်းမှာ နှစ်တွေ အကြာကြီး ကစားခဲ့တဲ့ သူတစ်ယောက် ဒဏ်ရာတွေ နာကျင်မှုတွေ ရှိနေရင်တောင် အကောင်းဆုံး ပေးဆပ် ကစားခဲ့တဲ့ သူအတွက် အကောင်းဆုံး နည်းလမ်းကတော့ နှစ်ဦးနှစ်ဖက် ဆွေးနွေး တိုင်ပင်ပြီး ညှိနှိုင်း အဖြေရှာဖို့ပါပဲ ။ ”

” ဒီလိုတွေ ဖြစ်လာမယ်မှန်းသာသိရင် ဘယ်လို ကစားသမားက ဘိုင်ယန်မြူးနစ် ကို လာချင်မှာလဲ ၊ ကျွန်တော့်အတွက် သစ္စာ တရား နဲ့ လေးစားမှု က ဘယ်မှာလဲ ပြောပါဦး ၊ ကျွန်တော် က အသင်းအတွက် အမြဲတမ်း အဆင်သင့် ရှိနေခဲ့သူပါ ၊ ကျွန်တော် ဒီအသင်းမှာ ရှစ်နှစ်ကြာ ကစားခဲ့ပြီး အံ့ဩဖို့ကောင်းတဲ့ လူတွေ အများကြီးနဲ့ တွေ့ဆုံ ခဲ့ရပါတယ် ။ ”

” ကျွန်တော့်ကို စိတ်ဝင်စားနေကြတဲ့ အသင်းက များများစားစား မရှိပါဘူး ၊ အသင်း တစ်သင်းနဲ့တော့ စကားတွေ အများကြီး ပြောဖြစ် နေပါတယ် ၊ ကျွန်တော် တခြား ကမ်းလှမ်းမှုတွေကို ထည့်တောင် စဉ်းစားမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM