အာဆင်နယ် မှာ ကြုံခဲ့ရသလိုမျိုး ဖီနာဘာချီ အသင်းမှာလည်း ထပ်ဖြစ် ထပ်ကြုံနေရပြန်တဲ့ အိုဇေးလ်

အိုဇေးလ် ဟာ အာဆင်နယ် အသင်းမှာတုန်းက လူစာရင်းကနေ ချန်လှပ် ခံခဲ့ရဖူးပြီး ခုလက်ရှိ ဖီနာဘာချီ အသင်းမှာလည်း အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ကြုံတွေ့ နေရပြန်ပါတယ် ။ ဒါပေမယ့် အိုဇေးလ် ရဲ့အေးဂျင့်ကတော့ သူ့ရဲ့ ကစားသမားဟာ ဖီနာဘာချီ က ထွက်ခွာဖို့ ဆန္ဒ မရှိကြောင်း အတိအလင်း ပြောကြား လိုက်ပါတယ် ။

ဂန်းနား ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဟာပြီးခဲ့တဲ့နှစ် အစောပိုင်းမှာ အာဆင်နယ် ကနေ ထွက်ခွာပြီး တူရကီ ကလပ် ဖီနာဘာချီ အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ် ။

အိုဇေးလ် ဟာ အာဆင်နယ် မှာ ပွဲထွက် ကစားခွင့် မရတော့တာကြောင့် စာချုပ် ဖျက်သိမ်းပြီး ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ ခဲ့တာပါ ။ ဒါပေမယ့် အိုဇေးလ် ဟာ ဖီနာဘာချီ မှာလည်း နည်းပြ နဲ့ အဆင်မပြေ ဖြစ်နေပြီး အသင်း လူစာရင်းကနေ ဖယ်ထုတ်ကြောင်း အတိအလင်း ကြေညာ ခံခဲ့ရပါတယ် ။

ဒါပေမယ့်လည်း အိုဇေးလ် ဟာ ဖီနာဘာချီ အသင်းမှာ ပွဲမကစားရရင်တောင် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒ မရှိဘဲ တူရကီမှာ ကလပ် ဆက်နေသွားမှာ ဖြစ်ကြောင်း အေးဂျင့် အာဂတ်ဆိုဂတ် က ပြောကြား လိုက်ပါတယ် ။

” သူ(အိုဇေးလ်) က အခုအချိန်မှာ အရင်ကထက် ပိုပြီး ရင့်ကျက် အေးဆေး တည်ငြိမ်နေပါပြီ ။ သူ ဖီနာဘာချီ အသင်း နဲ့ စာချုပ် သက်တမ်း ၂ နှစ်ကျော်သာ ကျန်ရှိပါသေးတယ် ၊ သူကိုယ်တိုင်ကလည်း ဖီနာဘာချီ အသင်းမှာပဲ ဆက်နေချင်ပြီး ဘယ်ကိုမှ မသွားချင်ပါဘူး ။ ”

” သူက ဖီနာဘာချီ အသင်းအတွက် ကွင်းတွင်း ကွင်းပြင်ပ အမြဲတမ်း အသင့် ရှိနေသူပါ ၊ မီဆွတ် ကလည်း တခြား ကစားသမားတွေလိုပဲ မိနစ် ၉၀ ပြည့် ကစားချင်တဲ့သူပါ ။ ”

” နည်း​ပြ က သူ့ကို ပွဲကစားခွင့် များများစားစား မပေးတော့ သူတို့ နှစ်ဦးကြား အငြင်းအခုံ ဖြစ်ပြီး လူစာရင်းကနေ ချန်လှပ် ခံလိုက်ရတာပါပဲ ။ ဒါပေမယ့် သူက ပရော်ဖက်ရှင်နယ် ပီသသူပါ ၊ ဘာတွေ ဖြစ်နေသလဲ သူ သိပါတယ် ၊ သူက တုံးအတဲ့သူ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဖီနာဘာချီ အသင်း ဥက္ကဋ္ဌ အလီကော့ ကတော့ ပုံမှန် ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရတဲ့ မီဆွတ် အိုဇေးလ် အနေနဲ့ အသင်းအတွက်ပဲ အာရုံစိုက် ထားသင့်ပြီး အသင်း အပေါ် အကျိုးပြု နိုင်အောင် ကစားဖို့ လိုအပ်ကြောင်း သတိပေး စကား ပြောကြား ခဲ့ဖူးပါတယ် ။

ဖီနာဘာချီ အသင်း ဥက္ကဋ္ဌ အလီကော့ က အသင်း တီဗွီ အစီအစဉ်မှာ အိုဇေးလ် နဲ့ ပတ်သက်ပြီး ” ဒီရာသီ အစမှာ အိုဇေးလ် ကို ရော်ဘင် ဗန်ပါစီ နဲ့ နှိုင်းယှဉ်ကြတာမျိုးတွေ ရှိခဲ့ကြပါတယ် ။ ဗန်ပါစီ လိုမျိုး အသင်း အပေါ် အကျိုးပြုနိုင်လိမ့်မယ်လို့ တွေးထားကြတာပါ ။ ”

” အိုဇေးလ် က ပွဲကစားခွင့် ပိုရချင်နေပါတယ် ၊ ဒါဆို အခု အချိန်ကစပြီး အိုဇေးလ် အနေနဲ့ ကစားရမယ့် ပွဲ နဲ့ ဘောလုံးကိုပဲ ပိုအာရုံစိုက်သင့်ပါတယ် ၊ သူ့ရဲ့ စီးပွားရေး ရင်းနှီး မြှပ်နှံမှုတွေကို ဘေးချိတ်ထားဖို့ လိုပါလိမ့်မယ် ။ ”

” ဖီနာဘာချီ အသင်းအတွက်ပဲ ပေးဆပ် ကစားဖို့ တွေးထား ရမှာပါ ၊ ကျွန်တော်တို့ နည်းပြအနေနဲ့လည်း အိုဇေးလ် ဆီက အကောင်းဆုံး ခြေစွမ်းတွေ ထွက်ပေါ်လာအောင် ကြိုးစားဖို့ လိုအပ်ပါတယ် ၊ မီဒီယာတွေ ပြောနေကြသလို ကျွန်တော်တို့ကြားမှာပြဿနာ မရှိပါဘူး ။ ”

” မီဆွတ် အသင်းမှာ မပျော်မရွှင် ဖြစ်နေတာက ပုံမှန် ပွဲထွက် ကစားခွင့် မရတာကြောင့်ပါ ။ ” လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ် ။

SM