ရာသီကြို ပြင်ဆင်မှု မတိုင်မီ နိုင်ငံတကာ ပွဲကာလ ဟာ ချဲလ်ဆီး ကြယ်ပွင့် တဦး အတွက် အတွေ့အကြုံကောင်း အချို့ ရစေလိမ့်မယ်လို့ သုံးသပ်လိုက်တဲ့ ပတ်နီဗင်

နိုင်ငံတကာ ပွဲကာလ အတွင်း ယနေ့ည စောင့်ကြည့်ရမယ့် ပွဲအချို့ ဖြစ်တဲ့ တောင်အမေရိက ချန်ပီယံ အာဂျင်တီးနားနဲ့ ယူရို ချန်ပီယံ အီတလီတို့ရဲ့ ဖလားလုပွဲ ၊ ဥရောပ နေရှင်လိဂ် ပွဲစဉ်တွေ ၊ ချစ်ကြည်ရေး ခြေစမ်းပွဲတွေ အပြင် ရှားရှားပါးပါး လက်ကျန် ကမ္ဘာ့ဖလား play-off ခြေစစ်ပွဲ တပွဲလည်း ကျန်ရစ်နေပါသေးတယ် ။

ဒီ play-off မှာ စကော့တလန်နဲ့ ယူကရိန်း အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ၊ အနိုင်ရမယ့် အသင်းဟာ ကာတာ ကမ္ဘာ့ဖလား သွားခွင့်ရဖို့ ဥရောပဇုန်မှ နောက်ဆုံး လက်ကျန် လက်မှတ် တခု အတွက် play-off ဖိုင်နယ် မှာ ဝေးလ်စ် အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

ဒီပွဲဟာ နဂို ဧပြီလ အတွင်း ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် ၊ ရုရှားမှ ယူကရိန်းသို့ ကျူးကျော်စစ် ဖြစ်လာတဲ့ အတွက် ပျက်ပြယ်ခဲ့ရပါတယ် ။ အိမ်ရှင်လည်းဖြစ် ယူကရိန်းလို နိုင်ငံရေး အခြေအနေ ဘာမှ ရှုပ်ရှုပ်ရှင်းရှင်း မဖြစ်ထားတဲ့ စကော့တလန် ဟာ ထိုပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေတာ မဆန်းကြယ်ပါဘူး ။

၂ဖက် အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပ အတွေ့အကြုံရှိ ကစားသမား များစွာ ပါဝင်နေတာကြောင့် စိတ်ဝင်စားစရာ ကောင်းစေမယ့် အပြင် ၊ ယူကရိန်းရဲ့ စစ်ပွဲနောက်ပိုင်း ပထမဆုံး ကစားမယ့် ပွဲအတွက် တကမ္ဘာလုံးက ပရိသတ်တွေလည်း မျှော်လင့် စောင့်စားကြမှာ သေချာပါတယ် ။

ချဲလ်ဆီး ဂန္တဝင်ဟောင်း တဦးလည်းဖြစ် ၊ စကော့တလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦးလည်း ဖြစ်တဲ့ ပတ်နီဗင် ကတော့ တနိုင်ငံတည်းသား ချဲလ်ဆီး ကြယ်ပွင့် ဘီလီ ဂီလ်မာ အတွက် ရာသီကြို ပြင်ဆင်မှု မတိုင်မီ အခုတကြိမ် နိုင်ငံတကာပွဲစဉ်တွေက သေချာပေါက် အထောက်အကူ ပြုစေလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ် ။

ပတ်နီဗင် က ” မော်ဒန်ခေတ်မှာ ဘောလုံးပွဲတွေမှာ တပွဲနဲ့ တပွဲ အကြားမှာ အနားရတာမျိုး သိပ်မရှိတာကြောင့် အခုလို နိုင်ငံတကာ ပွဲကာလ ဟာ ကစားသမားတွေကို အခြေအနေ အပေါ် လိုက်လျောညီထွေ ဖြစ်စေဖို့ အထောက်အကူ ပေးနိုင်ပါတယ် ။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ပွဲစဉ်ဇယား ရေးဆွဲမှုတွေကို တချက် ပြန်ညှိစေချင်ပါတယ် ။ ”

” ဥရောပ တလွှားက ကလပ် အသီးသီးဟာ လက်ရွေးစင် အသင်းတွေဆီ စေလွှတ်ရတဲ့ ကစားသမားတွေနဲ့ ပတ်သက်လာရင် အရင်ကထက် ပိုပြီး အလေးအနက် ထားလာကြပါတယ် ။ ကျွန်တော်ဟာ နိုင်ငံတကာ ပွဲကာလရဲ့ ပရိသတ် တဦး ဖြစ်သလို ၊ အမိနိုင်ငံအတွက် ကိုယ်စားပြု ကစားခွင့် ရတာလောက် ပိုပြီး ဂုဏ်ယူစရာကောင်းတဲ့ အရာလည်း မရှိပါဘူး ။ ”

” ဒါပေမယ့် ဒီလို ပွဲစဉ်တွေ ပြွတ်သိပ်စီစဉ်ခြင်းကနေ တခြား ပြိုင်ပွဲတွေကို မထိခိုက်စေချင်ပါဘူး ။ ကာတာကမ္ဘာ့ဖလား ဟာ အားလုံး စီစဉ်ပြီးသား ဖြစ်ပေမယ့် ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာလတွေမှာ ကျင်းပမယ့် ကိစ္စဟာ ကစားသမားတွေ အပေါ် ဘယ်လို သက်ရောက်မှု ရှိလာနိုင်တယ် ဆိုတာ သူတို့ နည်းနည်းလေးမှ မစဉ်းစားပေးတဲ့ပုံ ပေါ်နေပါတယ် ။ ”

” ကျွန်တော်ဟာ ရာသီကြို ပြင်ဆင်မှု မတိုင်မီ ကိုယ့်အသင်းသားတွေ ဘာမှ ထွေထွေထူးထူး ဒဏ်ရာ ရမလာဖို့ပဲ မျှော်လင့်ပါတယ် ။ ဒီ international break မှာ ဆင်ခြေ အများကြီး ပေးနေမှာ မဟုတ်တဲ့ ကစားသမား တယောက် ရှိပြီး ၊ သူကတော့ စတမ်းဖို့ဒ်ဘရစ်ခ်ျက ပရိသတ်တွေရဲ့ အချစ်တော် တဦး ဖြစ်တဲ့ ဘီလီ ဂီလ်မာပါပဲ ။ ”

” ဘီလီ ဟာ စကော့တလန် လက်ရွေးစင်အသင်း အတွက် အရေးပါလှတဲ့ ကမ္ဘာ့ဖလား play-off ခြေစစ်ပွဲ တပွဲကို ပါဝင် ဆင်နွှဲရမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒီပွဲဟာ မော်ဒန်ဘောလုံးခေတ်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲတပွဲလည်း ဖြစ်လာနိုင်ပါတယ် ။ ” လို့ သုံးသပ်ခဲ့ပါတယ် ။

SPORTS MYANMAR