ချဲလ်ဆီး အသင်းဟာ သူ့အပေါ် ကတိမတည်ခဲ့ဘူးလို့ စွပ်စွဲရင်း ၊ သီယာဂို ဆေးလ်ဗား ၊ ဒန်နီ အဲလ်ဗက်စ်တို့လို ဖြစ်လာဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟလာတဲ့ ပါတို

တခေတ်တခါက အေစီမီလန် အသင်းမှာ ကစားခဲ့စဉ်က ဘောလုံး လောက အလယ် ထွန်းတောက်လာနိုင်တဲ့ အလားအလာ အကောင်းဆုံး ကြယ်ပွင့် တဦး အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဘရာဇီး တိုက်စစ်မှူး အလက်ဇန္ဒာ ပါတိုဟာ အခုအချိန်မှာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီး အသင်း အတွက် ကစားပေးလျက်ရှိပါတယ် ။

အသက် ၃၂နှစ် အရွယ်ရှိ ပါတို ဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက် အဆိုးရွားဆုံး ရာသီ ဖြစ်တဲ့ ၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ဆော်ပေါ်လို အသင်းကနေ ချဲလ်ဆီး အသင်းသို့ ရာသီဝက် အငှားနဲ့ ရောက်ခဲ့ပါသေးတယ် ။

ထိုမတိုင်ခင်က ပါတို ဟာ ဆော်ပေါ်လိုမှာ ၃၈ဂိုး အထိ သွင်းနိုင်ခဲ့ပေမယ့် ၊ ချဲလ်ဆီးကို ပြောင်းလာအပြီး ၂ပွဲပဲ ကစားခဲ့ရကာ ၊ ပင်နယ်တီဂိုး တဂိုးသာ သွင်းနိုင်ခဲ့ပါတယ် ။ ပါတိုကတော့ ချဲလ်ဆီး ဟာ ၄င်းကို ထိုနှစ်အကုန် ၃နှစ်စာချုပ်နဲ့ အပြီးသတ် ခေါ်ယူဖို့ ပျက်ကွက်ခဲ့ကြောင်း အခုလိုပဲ စွပ်စွဲ ပြောဆိုခဲ့ပါတယ် ။

Players’ Tribune နဲ့ တွေ့ဆုံခဲ့ရာမှာ ပါတို က ” ဆော်ပေါ်လိုမှာ ကျွန်တော် ဘာကြောင့် ခြေစွမ်း ပိုကောင်းလာခဲ့လဲ ဆိုတာ ခင်ဗျားတို့ သိကြလား ? သူတို့ဟာ ကျွန်တော့ကို သေသေချာချာ ဂရုစိုက်ခဲ့တာကြောင့် ဖြစ်ပါတယ် ။ အဲဒီမှာ ကျွန်တော်ဟာ ပွဲရှိတဲ့အခါ တန်းကစားပေးရုံပါပဲ ။ ”

” ဒါပေမယ့် ချဲလ်ဆီး အသင်းက ကျွန်တော့ကို ဆက်သွယ်လာခဲ့တဲ့အချိန်တုန်းက ကျွန်တော် ဟာ ဥရောပမှာ ကစားဖို့ စိတ်ကူးရှိနေခဲ့သေးတာပါ ။ ကံဆိုးစွာနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တာ လိုတာထက် ပိုသွားခဲ့ခြင်းရဲ့ အကျိုးဆက်ကို ကျွန်တော် ခံစားခဲ့ရပါတယ် ။ ”

” ခုချိန်ထိ ကျွန်တော် နားမလည်နိုင်သေးပါဘူး ။ ချဲလ်ဆီးဟာ အစက ကျွန်တော့ကို ၆လ အငှားနဲ့ ခေါ်ပြီးတာနဲ့ ၃နှစ် စာချုပ်ချုပ်မယ်လို့ ထင်ထားခဲ့တာပါ ။ အပြီးသတ် စာချုပ်ချုပ်ဖို့ ငြင်းဆန်ခဲ့တာကို ကျွန်တော် လုံးဝ လက်ခံ နားလည် မရခဲ့ပါဘူး ။ ဒီလိုမှန်းသာ သိခဲ့ရင် ၊ ကျွန်တော် တခြား ကလပ် တသင်းသင်းဆီ ပြောင်းခဲ့ပါတယ် ။ ”

” ဒါဟာ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီမှာ ကောင်းကောင်း လေ့ကျင့်နိုင်ခဲ့လို့ပါ ။ ဒါပေမယ့် နည်းပြ က ကျွန်တော့ကို ၂ပွဲပဲ သုံးခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် ဘယ်တော့မှ နားမလည်နိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ပါတိုဟာ ၂၀၁၃ခုနှစ် အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ ဇမ်ဘီယာ အသင်းနဲ့ ခြေစမ်းပွဲမှာ ဘရာဇီး လက်ရွေးစင် အသင်းအတွက် နောက်ဆုံး ကစားပေးပြီးကတည်းက ၊ လက်ရွေးစင် အဆင့်မှာ ခုထက်ထိတိုင် အရွေးခံရခြင်း မရှိခဲ့ပါဘူး ။ သို့ပေမယ့် ပါတို ကိုယ်တိုင်ကတော့ ကမ္ဘာ့ဖလား ဆင်နွှဲခွင့် အိပ်မက်ကို လက်မလျှော့သေးပါဘူး ။

ပါတို က ” ကျွန်တော်ဟာ ကမ္ဘာ့ဖလားဆီ အရောက် လှမ်းနိုင်သေးတယ်လို့ ယုံကြည်ထားဆဲပါ ။ သီယာဂို ဆေးလ်ဗား ၊ ဒန်နီ အဲလ်ဗက်စ်တို့ကို ကြည့်ပါ ။ သူတို့ဟာ ၃၇နှစ် ၊ ၃၈နှစ် အထိ ရှိနေပေမယ့် ၊ ကောင်းကောင်း ကစားနိုင်ဆဲပါပဲ ။ ”

” ဒါပေမယ့် ဒီလို အရာတွေက ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်တ ည်နေတာပါ ။ ကျွန်တော်ဟာ ဒီနေ့ အတွက်တော့ အသက်ရှင်နေပါသေးတယ် ။ ကျန်တာကတော့ သူ့ရဲ့ အလိုဆန္ဒအတိုင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR