၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန်တို့ ဗိုလ်စွဲရန် အခြေအနေကောင်းတဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့တဲ့ ကာပယ်လို

အင်္ဂလန်နည်းပြဟောင်း ဖြစ်သူ ဖေဘီယိုကာပယ်လိုက ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ယခုနှစ်ကုန်မှာ ကျင်းပသွားမှာ ဖြစ်တာကြောင့် the Three Lions’ တို့ရဲ့ ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေးဟာ တကယ့်ကို ကောင်းမွန်နေတယ်လို့ ယုံကြည်နေပါတယ်။ ဂါရက်ဆောက်ဂိတ်ရဲ့ အသင်းဟာ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် ရပ်တည်နေပါတယ်။

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကို အဆိုပါ နိုင်ငံရဲ့ အပူချိန်ကြောင့် ပြုလုပ်နေကြ နွေရာသီကနေ လာမည့် နို၀င်ဘာ ဒီဇင်ဘာလတွေမှာ ပြောင်းလဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကာပယ်လို ကတော့ ကမ္ဘာ့ဖလားကို ရာသီ၀က်မှာ ကျင်းပသွားမှာ ဖြစ်တာကြောင့် အင်္ဂလန် ကစားသမားတွေ ရာသီကုန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စွမ်းအင် ကုန်ခမ်းမှုမျိုးကို မြင်တွေ့ရမှာ မဟုတ်တာကြောင့် ဒါဟာ အကျိုးရှိစေတယ်လို့ ယူဆနေပါတယ်။

ကာပယ်လိုက “အင်္ဂလန် ကစားသမားတွေ တစ်ခါတစ်ရံ ကြုံတွေ့ရလေ့ ရှိတဲ့ ပြသနာ ကတော့ သူတို့ဟာ ရာသီကုန်မှာ ပင်ပန်းနွမ်းနယ်ပြီး နိုင်ငံအသင်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ခင်ဗျားတို့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူး တို့ ဘာဖြစ်ခဲ့သလဲ ဆိုတာ မြင်တွေ့ခဲ့ကြလား? အဲဒီဖိုင်နယ် ပွဲစဉ်ဟာ သူတို့ အတွက် ၆၃ ပွဲမြောက် ဖြစ်ပါတယ်။ ကစားသမားတွေဟာ လန်းဆန်းမှု ပျောက်ဆုံးနေခဲ့ပါတယ်။ သူတို့ဟာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့်လည်း ခါတိုင်းလိုမျိုး လျှင်မြန်မှုတွေ မရှိ ဖြစ်နေခဲ့ပါတယ်။

အင်္ဂလန် မန်နေဂျာ တစ်ဦး အနေနဲ့ ကျွန်တော် အမြဲ ပြောလေ့ ရှိခဲ့တာကတော့ အင်္ဂလန်ဟာ စက်တင်ဘာ အောက်တိုဘာ နဲ့ နို၀င်ဘာလတွေမှာ ကမ္ဘာပေါ်က ဘယ်အသင်းနဲ့ မဆို ယှဉ်ကစားနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ဟာ လန်းဆန်း နေပါတယ်။ ကျွန်တော်တို့ဟာ ကောင်းကောင်း ပြေးလွှားမှုတွေ လုပ်နိုင်ကာ အဲဒီအချိန်မှာ စိတ်ကလည်း ရှင်းလင်းကာ လန်းဆန်းနေပါတယ်။

အင်္ဂလန် အတွက် လာမည့် ကမ္ဘာ့ဖလားဟာ တအား တအားကို ကောင်းပါတယ်။ အင်္ဂလန် ဘောလုံးလောက နဲ့ အင်္ဂလန် ကစားသမားတွေ အတွက် ဒီပြိုင်ပွဲဟာ တကယ့် အချိန်ကောင်းမှာ ကျင်းပပေးတာ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီပြိုင်ပွဲမှာ လန်းဆန်းတက်ကြွ နေကြမှာပါ။” လို့ သုံးသပ်လိုက်ပါတယ်။

ကာပယ်လိုဟာ သူ့ခေတ် သူ့အခါမှာ အောင်မြင်မှု အရှိဆုံး မန်နေဂျာတွေထဲက တစ်ဦး ဖြစ်ပြီး အေစီမီလန် ရီးရဲယ်မက်ဒရစ် ရိုးမား တို့နဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ကာ ၂၀၀၇ ခုနှစ်မှာ အင်္ဂလန် မန်နေဂျာ ဖြစ်လာခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကို ဦးဆောင်ခဲ့ပါတယ်။ ကယ်ပယ်လိုဟာ သူ့လက်ထက်မှာ အကောင်းဆုံး အင်္ဂလန် ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း the Three Lions တို့ဟာ ၁၆ သင်းအဆင့်မှာ ဂျာမနီကို ၄-၁ နဲ့ ရှုံးကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဂါရက်ဆောက်ဂိတ်ဟာ အင်္ဂလန်ကို ဆုဖလား ရယူပေးနိုင်ရန် ပစ်မှတ်ထားနေမှာ ဖြစ်ပြီး ကယ်ပယ်လိုက ဟယ်ရီကိန် နဲ့ ဂျက်ဂရီလစ်ခ်ျ တို့ဟာ အင်္ဂလန်ရဲ့ အဓိက ကစားသမားတွေ ဖြစ်နေလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ကာပယ်လိုက “ကိန်းဟာ ပြီးခဲ့တဲ့ရာသီက စပါးမှာ ကွန်တီ သူ့ကို တောင်းဆိုတဲ့ အတိုင်းပဲ တိုက်စစ်မှာ နေရာစုံ ပါ၀င်ပက်သက်ခဲ့ပြီး အကောင်းဆုံး လုပ်ပြခဲ့ပါတယ်။ ကျွန်တော် ကတော့ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ဦးလို့ ထင်ပါတယ်။ ‘ငါတို့မှာ တကယ်ကောင်းတဲ့ တိုက်စစ်မှုး ရှိတယ်ကွ’ လို့ အသင်းတော်တော်များများ မပြောနိုင်ကြပါဘူး။ အမ်ဘက်ပေ နဲ့ ဘန်ဇီးမား တို့ကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်ကတော့ ခြွင်းချက်ပေါ့ဗျာ။

ဂျက်ဂရီလစ်ခ်ျဟာ အရည်အသွေး မြင့်မားတဲ့ ကစားသမားကောင်း တစ်ဦး စြဖ်ပါတယ်။ ပက်ဂွာဒီယိုလာ နဲ့ တစ်နှစ်လောက် အလုပ်အတူ လုပ်ခဲ့ရတာဟာ သူ့အတွက် တကယ့်ကို အရေးပါမှာဖြစ်ပြီး ထိပ်တန်း ကစားသမား ဖြစ်လာအောင် ဘယ်လို လုပ်ရမလဲဆိုတာ သိသွားမှာပါ။ ဂျက် အနေနဲ့ အသင်းအတွက် ပေးဆပ်သွားဖို့ လိုအပ်ကာ ဘောလုံးရှိချိန်ကော မရှိချိန်မှာပါ ဘယ်လို အကောင်းဆုံး လုပ်ရမလဲဆိုတာ လေ့လာရမှာပါ။

ဒီရာသီ ပြီးဆုံးသွားတဲ့ အချိန်မှာ သူဟာ ဒီသင်ခန်းစာတွေကို ရရှိမှာ ဖြစ်ပြီး သူ အများကြီး သင်ယူနိုင်ခဲ့မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကွန်တီ နဲ့ ကိန်း ၊ ဂွာဒီယိုလာ နဲ့ ဂရီလစ်ခ်ျ…ဒီလို ပရော်ဖက်ရှင်နယ် နှစ်ဦးနဲ့ အလုပ်လုပ်ခွင့်ရတာဟာ တအားကို အရေးကြီးပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM