ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးသွားတာကြောင့် ကြားထဲက အမြတ်ထွက်သွားတဲ့ ချဲလ်ဆီး

၂၀၂၁ – ၂၀၂၂ ဘောလုံးရာသီရဲ့ နောက်ဆုံးပိတ် ပြည်ဖုံးကားချတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ လီဗာပူး အသင်းကို ဘရာဇီး ကြယ်ပွင့် တောင်ပံ ကစားသမား ဗင်နီးဆီးယပ်စ် ဂျူနီယာရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရကာ ၊ ၁၄ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ် ဟာ ၁၆သင်း ရှုံးထွက်အဆင့်က စကာ ၊ ဗိုလ်လုပွဲ အထိ အကောင်းဆုံးသော ပြိုင်ဖက် အသင်းတွေကို ရင်ဆိုင် ကျော်ဖြတ် အနိုင်ယူခဲ့တာကြောင့် ၊ ယခုနှစ် ချန်ပီယံလိဂ် ဖလားနဲ့ အပြည့်အဝ ထိုက်တန်မှု ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ရှုံးထွက်အဆင့် တလျှောက်မှာ ရီးရဲလ်မက်ဒရစ် ဟာ အမာခံ ကစားသမား ၁၁ယောက်ကနေ ၁၅ယောက် အထိသာ အသုံးပြုခဲ့ပြီး ၊ ထိုအတောအတွင်း ကစားခွင့် မရတဲ့ အသင်းသား အချို့လည်း ရှိနေပါတယ် ။ ထိုအထဲမှာ ၂၀၁၉ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ချဲလ်ဆီးမှ ရီးရဲလ်မက်ဒရစ်သို့ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာတဲ့ အီဒင် ဟာဇတ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ဟာဇတ်ဟာ ချန်ပီယံလိဂ်ဖလား ၊ Ballon D’Or ဆု အစရှိတဲ့ အမြင့်မားဆုံး ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ဖို့ ၇နှစ်ကြာ ကျင်လည်ခဲ့ဖူးတဲ့ ချဲလ်ဆီး အသင်းကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ် ။ အခုအခါမှာတော့ ၄င်းရဲ့ ဆန္ဒ တခု ပြည့်မြောက်ခဲ့ပေမယ့် ၊ ဒါဟာ သူ မှန်းထားတဲ့ ပုံစံနဲ့ ထပ်တူကျခဲ့မှာတော့ မဟုတ်ပါဘူး ။

အသက် ၃၁နှစ် အရွယ်ရှိ ယင်းဘယ်လ်ဂျီယမ်သား ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အလယ်လောက်က စပြီး ၊ ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ် အတွက် လုံးဝ ကစားပေးနိုင်ခဲ့ခြင်း မရှိပါဘူး ။ မနေ့ည က ဖိုင်နယ်ပွဲ အမှီတော့ ဟာဇတ် တယောက် ကြံ့ခိုင်မှု ပြန်ပြည့်လာခဲ့ပါတယ် ။

သို့ပေမယ့်လည်း ထုံးစံအတိုင်း အရန်ခုံမှာသာ ဆက်ထိုင်ခဲ့ရပြီး ၊ လာလီဂါဖလား ဆွတ်ခူးခဲ့သလို ချန်ပီယံလိဂ်ဖလားကိုလည်း ဟာဇတ် တယောက် အနေနဲ့ အရန်အနေနဲ့သာ ဆွတ်ခူးခဲ့ပါတယ် ။ တဖက်မှာ ဟာဇတ် ဟာ မကြာခဏ ဆေးရုံနဲ့ နှစ်ပါးသွားရတယ် ဆိုပေမယ့် ၊ အသင်းဟောင်း ချဲလ်ဆီးကို ခုတကြိမ်နဲ့ပါဆို ၃ကြိမ်တိုင်တိုင် အကျိုးပြုထားပြီး ဖြစ်ပါတယ် ။

ပထမဆုံး အနေနဲ့ ရီးရဲလ်မက်ဒရစ် ဟာ ဟာဇတ်ကို ချဲလ်ဆီးထံမှ ဝယ်ယူခဲ့တဲ့ စာချုပ် အရ ၂နှစ်အတွင်း ချန်ပီယံလိဂ် ဝင်ခွင့် ရခြင်း အတွက် အပိုဆုကြေး ပေးခဲ့ရသလို ၊ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့ခြင်း အတွက်ပါ ပေါင်သန်း ၂၀ bonus ပေးထားရပြီး ဖြစ်ပါတယ် ။

ဒီစာချုပ်က အချက်အလက် ဟာ အခုအချိန် အထိ အကြုံးဝင်နေဆဲ ဖြစ်ကာ ၊ မနေ့ညက ချန်ပီယံလိဂ် သရဖူကြောင့် ရီးရဲလ်မက်ဒရစ် ဟာ ဟာဇတ်အတွက်နဲ့ ချဲလ်ဆီးထံ အပိုဆုကြေး အဖြစ် နောက်ထပ် ပေါင် ၁၅သန်း ထပ်မံ ပေးချေရဦးမှာ ဖြစ်ပါတယ် ။

ရီးရဲလ်မက်ဒရစ်မှာ ၃နှစ်ကြာ ကျင်လည်ထားပြီး ၊ ချဲလ်ဆီးက နှစ်တဝက် ခြေစွမ်းမျိုးပင် မရသးပေမယ့် ဟာဇတ် ကိုယ်တိုင်ကတော့ ၄င်းရဲ့ အနာဂတ် ဟာ စာချုပ် ကျန်နေသေးသ၍ မက်ဒရစ်မှာ ဆက်ရှိနေဦးမယ်လို့ တုန့်ပြန်ထားပါတယ် ။

SPORTS MYANMAR