အမ်ဘာပေ ကြောင့် အနာဂတ် ပုံဖော်မှုတွေ အကြီးကျယ် ပြောင်းလဲပစ်တော့မယ့် PSG

နောက်ဆုံးမှာတော့ ပီအက်စ်ဂျီ ၊ ရီးရဲ နဲ့ အမ်ဘာပေ တို့အကြားက သုံးပွင့်ဆိုင်ဇာတ်လမ်းဟာ ချန်ပီယံ တိုက်ပွဲလို ၊ ကမ္ဘာဖလား ဗိုလ်လုပွဲတွေလိုပဲ အဆုံးသတ်နိုင်ခဲ့ပါပြီ။ ဇာတ်လိုက်ကျော် အမ်ဘာပေ ဟာ ပီအက်စ်ဂျီ ကရော ၊ ရီးရဲ မက်ဒရစ် ဆီကပါ အပြိုင် ကမ်းလှမ်းမှုတွေကို တစ်ပြိုင်နက် ရရှိခဲ့ပြီး ၊ နောက်ဆုံးမှာ ပဲရစ် မှာပဲ ဆက်ရှိဖို့ ရွေးချယ်သွားခဲ့ပါတယ်။

အခုတော့ သူ့ရဲ့ ပီအက်စ်ဂျီ ဂန္တဝင် ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ် အပြင် ၊ သူ့ကို ဝန်းရံထားတဲ့ ပရော့ဂျက်တွေ ကိုပါ တည်ဆောက်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

တနင်္လာနေ့ က သူပြောသွားတဲ့ စကားကို ကိုးကားရရင် လစာငွေပမာဏထက် ၊ PSG က Project တွေ အပေါ် ပိုပြီး ယုံကြည်မှု ရှိတဲ့ အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“ ကျနော့် ရဲ့ နိုင်ငံကို စွန့်ခွာဖို့ ဆိုတာ မှန်ကန်တဲ့ အရာ မဟုတ်ခဲ့ပါဘူး ၊ ဒါနဲ့ ပတ်သက်လို့ စိတ်ကူးယဉ်မှု တစ်ခု ရှိသလို ၊ အားကစား ဆိုင်ရာ ပရော့ဂျက်တွေလဲ ပြောင်းလဲပစ်ရမှာပါ” လို့ ပြောသွားတဲ့ စကားလုံးတွေကို ထောက်ကြည့်ရရင် “သူဟာ ဘယ်လို ပုံစံမျိုး နဲ့ ဒီအဆင့်ထိ ရောက်သွားခဲ့တာလဲ” “ဆွေးနွေး ညှိနှိုင်းမှုတွေမှာ ဘယ်အခိုက်အတန့်တွေက အဓိက ကျခဲ့သလဲ” “နှစ်သင်း စလုံး ရဲ့ အနာဂတ် လားရာက ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ” ဆိုတာတွေ ဆွဲထုတ်ကြည့်လိုက်ကြရအောင်ပါ။

ဆွေးနွေးမှုတွေ ၊ စိတ်ပိုင်း ဆိုင်ရာ ခံစားချက် အပြောင်းအလဲတွေ ၊ အစည်းအဝေးတွေ ၊ စာချုပ်သစ် ကမ်းလှမ်းတဲ့ အနေအထား နဲ့ မသေချာမှုတွေ ဆက်တိုက် ဖြတ်သန်းခဲ့အပြီးမှာတော့ အမ်ဘာပေ ဟာ ရာသီအကုန်ထိ စောင့်ဆိုင်းဖို့ သူကိုယ်တိုင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

သူ့ရဲ့ မိခင် Fayza ၊ ဖခင် ဖြစ်သူ Welfried ၊ အကြံပေး ရှေ့နေ ဖြစ်သူ Delphine Verheyden တို့ရဲ့ အမြင်တွေကိုလဲ နားထောင်ခဲ့သလို ၊ ပြင်သစ် သမ္မတ Emmanuel Macron က ခေါ်ဆိုတဲ့ ဖုန်းကိုလဲ လက်ခံပြောဆိုခဲ့ပါတယ်။ သမ္မတကြီး ကိုယ်တိုင်က ပီအက်စ်ဂျီ မှာပဲ ဆက်နေပေးဖို့ တောင်းဆိုခဲ့တာပါ။ တစ်ချိန်တည်းမှာ ပြင်သစ် ဘောလုံး လောက ရဲ့ သြဇာ အကြီးမားဆုံး လူတစ်ချို့ ဆီကနေလဲ ၊ ပဲရစ်မှာ ဆက်နေဖို့ တောင်းဆိုတဲ့ မက်ဆေ့တွေ လက်ခံ ရရှိခဲ့ပါတယ်။

ဆုံးဖြတ်ချက် ချဖို့ နောက်ဆုံး နေ့ရက်တွေ ကို ဦးတည်လာချိန်မှာတော့ သူ့ရဲ့ မိခင် ဖြစ်သူဟာ ကာတာ ကို သွားရောက်ပြီး ၊ ပီအက်စ်ဂျီ ထိပ်ပိုင်း တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့သလို ၊ အမ်ဘာပေ ကတော့ ရီးရဲ မက်ဒရစ် ဆီ တစ်ရက်တာ ခရီး လာရောက် လည်ပတ်ခဲ့ပါတယ်။

ဇန်နဝါရီ က စတင်ခဲ့တဲ့ အကြောင်းအရင်းတွေ အားလုံးဟာ အဲဒီ အခိုက်အတန့်မှာ တော်တော်လေးကို ရုပ်လုံး ပေါ်လာနေခဲ့ပါပြီ။

ရုတ်တရက် ချက်ခြင်း ဆိုသလို ပီအက်စ်ဂျီ ဟာ အမ်ဘာပေ ကို ဆက်ထိန်းထားနိုင်ဖို့ ယုံကြည်မှုတွေ ရှိနေတဲ့ အကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကစားသမားဟာ ဖေဖော်ဝါရီ လထဲမှာ ကတည်းက ဘယ်အချိန်လောက်မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမယ် ၊ ဘယ်လို အချက်အလက်တွေပေါ်မှာ အခြေခံပြီး စဉ်းစားမယ် ဆိုတဲ့ အကြောင်းကို ပီအက်စ်ဂျီ ကိုရော ၊ ရီးရဲ မက်ဒရစ် ကိုပါ ပွင့်ပွင့်လင်းလင်း ရှင်းပြထားခဲ့ပြီးပါပြီ။

နောက်ဆုံး အပတ်ရောက်ရှိ လာချိန်မှာတော့ ကလပ်အသင်း နှစ်ခုစလုံးက ဘဏ္ဍာရေး ဆိုင်ရာ ကိန်းဂဏန်း အတိအကျ နဲ့ စာချုပ်တွေ အသီးသီး ကမ်းလှမ်းခဲ့ပါတယ်။ နှစ်သင်း စလုံးက အချက်အလက်တွေကို အမ်ဘာပေ ကိုယ်တိုင်ကလဲ သဘောကျပါတယ်။ သို့သော် ဘယ်အသင်းကို ရွေးချယ်မလဲ ဆိုတာတော့ နှစ်သင်းစလုံး မသိခဲ့ကြပါဘူး။

ရီးရဲ မက်ဒရစ် ဟာ အမ်ဘာပေ ကို ခေါ်ယူဖို့ ၊ ချာတိတ် 11 နှစ် အရွယ် ကတည်းက ကြိုးစားခဲ့တာပါ။ အဲဒီနောက် 2011, 2016, 2017, 2021 တွေမှာ ဆက်တိုက် ကြိုးစားခဲ့ပါတယ်။

ပြင်သစ် ကလပ်ကလဲ သူတို့ ကစားသမားကို မဖြစ်မနေ ဆက်ထိန်းထားချင်တာပါ။

ကာတာ အခြေစိုက် သူဌေး ဖြစ်တဲ့ ပီအက်စ်ဂျီ ပိုင်ရှင်ဟာ ဒီနှစ် နွေရာသီ သူ့နိုင်ငံ အတွင်းမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၊ ပီအက်စ်ဂျီ ကို ကိုယ်စားပြု ပွဲထွက်လာမယ့် ပြင်သစ် တိုက်စစ်မှုး ဆိုတဲ့ အခင်းအကျင်းကို မက်မက်မောမော နဲ့ လိုချင်ကြပါတယ်။ လက်တွေ့မှာလဲ အဲဒီ အတိုင်းဖြစ်လာဖို့ ပီအက်စ်ဂျီမှာ ဆက်ရှိသွားဖို့ ဆုံးဖြတ်ချက် ချမှတ်သွားခဲ့ပါတယ်။ ဒါက လွယ်ကူတာမျိုးတော့ မဟုတ်ပါဘူး။

အခု ဆိုရင် အသက် 23 နှစ်သာ ရှိသေးတဲ့ ကစားသမားဟာ ကမ္ဘာပေါ်မှာ လုပ်ခ လစာ အများဆုံး ဘောလုံးသမား ဖြစ်သွားခဲ့ပါပြီ။ 3 နှစ် စာချုပ်မှာ တစ်ရာသီ အတွက် အသားတင် ဝင်ငွေ ပမာဏ က ယူရို 57 သန်း ရှိပါတယ်။ ဘောနပ် ဆုကြေးတွေကိုပါ ထည့်ပေါင်းမယ် ဆိုရင် 3 နှစ်တာ စာချုပ်အတွက် ယူရို သန်း 300 ကျော် သုံးစွဲရမှာပါ။

တစ်ချိန်တည်းမှာ ပီအက်စ်ဂျီ က သူ့ကို အသင်းရဲ့ အရေးပါတဲ့ ကစားသမား “Key Player” အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အားကစား ဒါရိုတ်တာ ခန့်တာ ၊ နည်းပြရွေးချယ်မှုတွေ မှာက အစ သူ့ရဲ့ ပြောဆိုခွင့်တွေ ရှိလာခဲ့ပါပြီ။ အမ်ဘာပေ ဟာ ပီအက်စ်ရဲ့ ပြယုဂ် ၊ အသင်းပုံရိပ် ရဲ့နှလုံးသား သဖွယ်ကို ဖြစ်ချင်ခဲ့တာမို့ ၊ ကလပ်ဘက်ကလဲ အဲဒီ အတိုင်း ဖြစ်လာဖို့ လမ်းရှင်းပေးခဲ့ပါတယ်။


လက်ရှိမှာ တိုက်စစ်မှုးဟောင်း ကာဗာနီ က ပီအက်စ်ဂျီ သမိုင်းကြောင်း တစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပေမယ့် အမ်ဘာပေ က အဲဒီ စံချိန်ကို ကျော်ဖြတ်ဖို့ 29 ဂိုးသာ လိုတော့သာ ဖြစ်ပါတယ်။ လက်ရှိ စာချုပ်သစ် အရ သူဟာ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာနိုင်သလို ၊ ချန်ပီယံလိဂ် ဖလား ပထမဆုံး ရယူပြမယ့် ကစားသမား ၊ 2024 ခုနှစ် ပြင်သစ်မှာ ကျင်းပမယ့် အိုလံပစ် ပြိုင်ပွဲကို ဝင်ရောက် ကစားပေးတဲ့ ပီအက်စ်ဂျီ ကစားသမား စတဲ့ မှတ်တမ်း ဂုဏ်ပုဒ်တွေကို ရရှိသွားဖို့ ပစ်မှတ်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

အမ်ဘာပေ ကို စာချုပ်သက်တမ်း တိုးလိုက်ခြင်း နဲ့ အတူ ပီအက်စ်ဂျီမှာလဲ အပြောင်းအဲတွေ အများကြီး ရှိလာတော့မှာပါ။

ကစားသမား ဟာ လီယိုနာဒို နဲ့ လက်တွဲ မလုပ်မလုပ် လိုတာကြောင့် ၊ စာချုပ်သစ် မှာ လက်မှတ်ထိုးပြီး နာရီပိုင်း အတွင်းမှာပဲ အားကစား ဒါရိုတ်တာကို ရာထူးကနေ ဖယ်ရှားကြောင်း ကြေငြာခဲ့သလို ၊ ဘာပေ တောင်းဆိုတဲ့ လူးဝစ် ကမ့်ပို့စ် နဲ့ အစားထိုး ပေးလိုက်ပါတယ်။

သူတို့ နှစ်ယောက် ဟာ မိုနာကို မှာ အတူတူ လက်တွဲခဲ့ဖူးသူတွေ ဖြစ်ကာ ၊ ကမ့်ပို့စ် ကို ဥရောပ ရဲ့ အကောင်းဆုံး အားကစား ဒါရိုတ်တာတွေ ထဲက တစ်ယောက် အဖြစ် ရှုမြင်ထားကြသလို ၊ လူငယ် ကစားသမားတွေ အတွက် အခွင့်အရေးကို ဦးစားပေး ကာကွယ်သူ အဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်။ အမ်ဘာပေ ကိုယ်တိုင် အသက် 13 နှစ် အရွယ်မှာ မိုနာကို ကို ရောက်ရှိလာပြီးနောက် ၊ ကမ့်ပို့စ် ရဲ့ ဝန်းရံမှုတွေ အောက်မှာ ထွန်းတောက်ခဲ့ရပါတယ်။

သူတို့အကြားမှာ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေးမျိုးလဲ ရှိနေပါတယ်။

လူးဝစ် ကမ့်ပို့စ် ဟာ ပထမဆုံး အနေနဲ အသင်းရဲ့ ကစားသမား စာရင်းကို အပြောင်းအလဲတွေ လုပ်ဆောင်ရင်း ၊ ငွေပြန်ရအောင် ဖော်ဆောင်ရမှာ ဖြစ်ပြီး အသင်းအတွက် အကျိုးအမြတ် ရှိနေစေမယ့် ကစားသမား ခေါ်ယူမှုတွေကို ဦးဆောင်ပေးရမှာပါ။

အမ်ဘာပေ ဟာ မိုနာကို မှာ ခြေစွမ်းပြနေတဲ့ သူ့ရဲ့ သူငယ်ချင်း ကွင်းလယ် ကစားသမား ချူအာမီနီ ကို ခေါ်ယူပေးဖို့ တောင်းဆိုထားသလို ၊ စာချုပ်သက်တမ်းတွေ အသီးသီး ကုန်ဆုံးတော့မယ့် ဘာစီလိုနာ က ဒမ်ဘီလီ ၊ ယူနိုက်တက် က ပေါ့ဘာ တို့ကိုလဲ ဆန်ကာတင် စာရင်းမှာ ထည့်သွင်းထားပါတယ်။

လက်ရှိ အနေအထားထိ စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်နေတာ က မန်နေဂျာ ရာထူးနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ဆက်ဖြစ်လာမလား ဆိုတဲ့ ခေါင်းစဉ်ပါ။ ပိုချက်တီနို ဟာ ရာထူးကနေ ဖယ်ရှားခံရဖို့ သတင်းကြီးနေပြီး ၊ လိုပက်တီဂူ ၊ ဂယ်လာဒို ၊ ဂါတီယာ ၊ အာချင်လိုး ၊ ကွန်တီ ၊ တီယာဂို မော့တာ တို့ထဲက တစ်ယောက်ယောက် နဲ့ အစားထိုးမယ်လို့ ကောလဟာလ သတင်းတွေ ထွက်နေပါတယ်။

ယခင်က လီယိုနာဒို နဲ့ ဆိုရင် လက်တွဲ အလုပ်မလုပ်ချင်ဘူးလို့ ပြောဆိုထားတဲ့ ဇီဒန်း ကလဲ ၊ လီယိုနာဒို ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီး နောက်ပိုင်း ၊ ပီအက်စ်ဂျီ နည်းပြ ရာထူးကို လက်ခံဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အမ်ဘာပေ ရဲ့ စာချုပ်သစ်ဟာ ပီအက်စ်ဂျီ ရဲ့ အနာဂတ် အခင်းအကျင်းကို ပုံဖော်ဖို့ ကနဦး စတင်လိုက်တဲ့ ခြေလှမ်းမျိုး ဖြစ်လို့ ၊ ဘယ်လောက်အထိ အလှည့်အပြောင်းတွေ ရှိလာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

SM