ဖီအိုရင်တီးနား အသင်းရဲ့ဈေးဆစ်မှုကို အာဆင်နယ် ဘက်က လက်မခံတာကြောင့် အမ်းမရိတ်ကို ပြန်လာရတော့မယ့် တော်ရီးယား

စီရီးအေ ကလပ် ဖီအိုရင်တီးနား အသင်းဟာ အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်လူ တော်ရီးယား ကို အပြီးသတ် ဝယ်ယူရာမှာ သဘောတူထားတဲ့ နှုန်းထားထက် ဈေးလျှော့ပေးဖို့ တောင်းဆို ခဲ့တယ်လို့ ဥရုဂွေးသားရဲ့အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

တော်ရီးယား ဟာ ဒီရာသီ တစ်ခုလုံးကို ဖီအိုရင်တီးနား အသင်းမှာ အငှား ကစားရင်းနဲ့ ကုန်ဆုံး ခဲ့ပြီး အဓိက ကစားသမား အဖြစ် ကစားခွင့် ရရှိ ခဲ့ပါတယ် ။ ဒါ့အပြင် တော်ရီးယား ဟာ ဖီအိုရင်တီးနား အသင်းရဲ့တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၃ ကြိမ်တိုင် ရရှိခဲ့ပါတယ် ။

ဖီအိုရင်တီးနား အသင်းဟာ တော်ရီးယား ကို နောက်တစ်ရာသီ အသင်းမှာ ဆက်လက် ထိန်းသိမ်းချင်ပေမယ့် သူတို့ရဲ့ တန်ကြေးလျှော့ ကမ်းလှမ်းမှုကို အာဆင်နယ် ဘက်က လက်မခံကြောင်း အေးဂျင့် ဘန်တန်ကာ က ပြော​ကြား လိုက်ပါတယ် ။

” အခြေခံ ပြဿနာက တော်ရီးယား က ဖလောရန်စ် မှာထက် အာဆင်နယ် မှာ လစာ ပိုရတာပါပဲ ။ ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ် ​က တော်ရီးယားကို အငှားကြေး ယူရို ၁.၅သန်း(ပေါင် ၁.၂သန်း) နဲ့ အငှားချဖို့ သဘောတူခဲ့ပါတယ် ၊ အဲ့ဒီတုန်းက တော်ရီးယားသာ အနည်းဆုံး ၂၅ ပွဲ နဲ့ အထက် ကစားရရင် ဖီအိုရင်တီးနား ဘက်က အငှားကြေး ပေးစရာ မလိုဘူးလို့ ပါခဲ့ပါတယ် ။ ”

” အဲ့ဒါအပြင် အပြီးသတ် ခေါ်ယူချင်တယ်ဆိုရင် ယူရို ၂.၅ သန်း(ပေါင် ၂.၁ သန်း) ခြောက်ခါ ခွဲပေးပြီး ယူရို ၁၅ သန်း(ပေါင် ၁၂.၆ သန်း) နဲ့ ခေါ်ယူနိုင်မယ်လို့ ထည့်သွင်း ပေးခဲ့ပါတယ် ။ ဖီအိုရင်တီးနား ဘက်ကလည်း တစ်နှစ်ကို ယူရို ၂.၇သန်း(ပေါင် ၂.၂ သန်း) လစာ ပေးဖို့ သဘောတူညီခဲ့ပါတယ် ။ ”

” အခု အခါမှာတော့ ဖီအိုရင်တီးနား ဘက်က လစာ ပမာဏရော ပြောင်းရွှေ့ကြေးကိုပါ လျှော့ချဖို့ ကြိုးစား လာခဲ့ပါတယ် ။ကျွန်တော်တို့ ဘက်က လက်မခံ နိုင်သလို အာဆင်နယ် ဘက်ကလည်း လက်မခံ ခဲ့ပါဘူး။ လူးကပ်စ် က အာဆင်နယ် အသင်း နဲ့ ဇွန်လ ၃၀ ရက်နေ့ ၊ ၂၀၂၃ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပါသေးတယ် ။ ”

” လူးကပ်စ် က ဖလောရန်စ် မြို့ကို ချစ်ပါတယ် ၊ သူ အတော်လေးတော့ စိတ်ပျက် နေပါတယ် ၊ ဒါက ကျွန်တော် ထပ်ပေါင်း ပြောကြား ပေးတာပါ ။ ”

” ကလပ် အသင်းရဲ့ လုပ်ဆောင်ချက်ကပဲ စိတ်ပျက်စရာ ဖြစ်တာပါ ၊ သူတို့အသင်းမှာ ကစားရတဲ့ ဘောလုံး အတွေ့အကြုံရော မြို့ကိုရော သူ တကယ်သဘောကျပါတယ် ၊ ကျွန်တော် ထပ်ပြောပါမယ် ၊ သူက ဖလောရန်စ် မြို့ကို တကယ် သဘောကျနေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM