ဘာဆာသို့ ပြောင်းရွှေ့ဖို့ သတင်းကြီးနေတဲ့ အက်ဇ်ပီလီကွီတာနဲ့ စာချုပ်သစ် ဆွေးနွေးမှု အခြေအနေ အကြောင်း အမှန်အတိုင်း ဖွင့်ဟလာတဲ့ တူချယ်

ချဲလ်ဆီး အသင်းရဲ့ ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ ဟာ လာမယ့် ဇွန်လ အကုန်မှာ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်ပြီး ၊ အသင်းဖက်က စာချုပ်ပါ တနှစ် သက်တမ်းတိုးခွင့်ကို ထပ်မံ ကမ်းလှမ်းထားပေမယ့် ၊ ကစားသမားဖက်ကတော့ လက်ခံဖို့ ဆုံးဖြတ်ချက် မချရသေးပါဘူး ။

အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ အပေါ် ဗြိတိန် အစိုးရမှ စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အက်ဇ်ပီလီကွီတာ ဟာ အသင်းနဲ့ တနှစ် သက်တမ်းတိုးလိုက်ပြီးလို့ သတင်းတွေ ထွက်လာခဲ့ပေမယ့် ၊ တကယ်တမ်းမှာ ဒါကို ကလပ်ဖက်က လုံးဝ အတည်ပြုခဲ့ခြင်း မရှိပါဘူး ။

ရာသီအကုန်မှာ အလွတ်နဲ့ အသီးသီး ထွက်ခွာကြမယ့် နောက်ခံလူတွေ ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန်တို့နဲ့ ကွာခြားသွားတာက ယင်းစပိန်သားဟာ ချဲလ်ဆီးမှ ကမ်းလှမ်းထားတဲ့ တနှစ် သက်တမ်းတိုးခွင့်ကို စဉ်းစားပေးနေဆဲ ဖြစ်ပါတယ် ။

သို့ပေမယ့် ယခင်ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ခ်ျ ကိုယ်တိုင်က အက်ဇ်ပီလီကွီတာကို ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးဖို့ ကတိပြုခဲ့ဖူးကြောင်း သတင်းတွေ ထွက်ခဲ့သလို ၊ ဘာစီလိုနာဖက်မှလည်း ၄င်းကို ၂နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ အတော်လေး အလားအလာ များနေတာကို တွေ့ရပါတယ် ။

ချဲလ်ဆီး နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ကတော့ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အက်ဇ်ပီလီကွီတာ ဟာ အလွတ်နဲ့ ထွက်ခွာမယ့် အကြောင်းကို ရာနှုန်းပြည့် အတည်ပြု ပြောဆိုခဲ့တာမျိုး မရှိပေမယ့် ၊ ကစားသမားဖက်က အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် ချခဲ့မယ်ဆိုရင် နားလည်ပေးရမှာ ဖြစ်ကြောင်း သွယ်ဝိုက်ထုတ်ဖော်ခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော်တို့ဟာ အက်ဇ်ပီနဲ့ စာချုပ် ကိစ္စ အကြောင်း အများကြီး ပြောဆို ဆွေးနွေးခဲ့ပြီးပါပြီ ။ ကမ္ဘာ့ကလပ်ဖလား ဆွတ်ခူးခဲ့အပြီး သူဟာ ဒီကလပ်နဲ့ အတူ အဓိက ဆုဖလား အစုံ ကိုင်မြှောက်ဖူးသွားတာကြောင့် ၊ စာချုပ်သစ် ကိစ္စက အေးစက်စက် ဖြစ်ခဲ့တာ ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ”

” ဒါဟာ စက်ဝိုင်း တခု အဆုံးသတ် နေရာ ရောက်လာတဲ့ သဘော ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ အဲဒီနောက် ကလပ်ပိုင်ရှင် အပြောင်းအလဲ ဖြစ်လာခဲ့ပြီး ၊ အရင်ပိုင်ရှင်အဟောင်းမှာ သူဟာ တောက်လျှောက် ပေးဆပ်ကစားလာခဲ့တာပါ ။ ဒါကြောင့်လည်း စာချုပ်သစ် အတွက် နောက်ထပ် အတွေးတမျိုး ဝင်သွားတာ ဖြစ်နိုင်ပါတယ် ။ ”

” တချိန်တည်းမှာ သူဟာ ဒီကလပ်ကို ချစ်မြတ်နိုးတာ ၊ ဒီမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုတာ ၊ ဒီကလပ်မှာ ကစားရတာ ပျော်ရွှင်တာကြောင့်လည်း စာချုပ် သက်တမ်းတိုးဖို့ စဉ်းစားခဲ့ပါတယ် ။ သူဟာ ကျွန်တော်တို့ရဲ့ ကလပ် အသင်းခေါင်းဆောင် ဖြစ်ပြီး ၊ စာချုပ်သစ် ချုပ်ဆိုဖို့ကလည်း အခုအထိ ဆွေးနွေးနေဆဲပါပဲ ။ ”

” ဘဝရဲ့ အချိုးအကွေ့ တခုခုမှာ ကျွန်တော်တို့ အားလုံးလိုလို ကိုယ်စီ တကိုယ်ကောင်း ဆန်တတ်ကြပါတယ် ။ ဘာလို့လဲဆိုတော့ တခြားကလပ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ ၊ အခက်အခဲ ၊ ရည်မှန်းချက်ပန်းတိုင် ဖြည့်ဆည်းခြင်း စတဲ့ အရာတွေဟာ ကျွန်တော်တို့နဲ့ သက်ဆိုင်မှု မရှိလို့ပါ ။ ”

” ခုကတည်းက နောက်ခံလူတွေ တယောက်ပြီး တယောက် ဆုံးရှုံးနေရတာကို ကြည့်ရင် ၊ အက်ဇ်ပီကိုပါ ထပ်ပြီး လက်လွှတ်ရမှာက မတွေးဝံ့စရာပါပဲ ။ ဒါပေမယ့်လည်း အက်ဇ်ပီက သူ့ရဲ့ ကိုယ်ပိုင်အမြင်နဲ့ စာချုပ်သစ် ကိစ္စအပေါ် ဆုံးဖြတ်ချက် ချမယ်ဆိုရင် ကျွန်တော် နားလည်ပေးသွားမှာပါ ။ သူဆက်နေဖို့တော့ ကျွန်တော် အမှန်တကယ် မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR