ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ် အပေါ် ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လိုက်တဲ့ မာတင်ကီအွန်

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှ ချဲလ်ဆီး အသင်းရဲ့ ပွဲထွက်စာရင်း မှာ အံ့သြဖွယ် အပြောင်းအလဲ အချို့ မြင်ခဲ့ရပြီး ၊ ကစားသမားစာရင်းမှာလည်း ဒဏ်ရာ တစုံတရာ မရှိပဲ အကောင်းပကတိ အတိုင်း ရှိနေတဲ့ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန်လည်း မပါဝင်ခဲ့ပါဘူး ။

ခရစ်တန်ဆန် ဟာ ထိုဖိုင်နယ်မတိုင်မီ ၃ရက်အလို လိဒ်စ်ယူနိုက်တက်ကို ၀ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မိနစ် ၉၀ အပြည့် ပါဝင် ကစားပေးခဲ့ပါသေးတယ် ။ အင်္ဂလိပ် မီဒီယာတွေရဲ့ ဖော်ပြချက် အရတော့ ယင်းဒိန်းမတ်သားဟာ ရှေ့ပွဲအချို့မှာ ကြုံဖူးတဲ့ ပွဲမတိုင်ခင် စိုးရိမ်လွန်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အစာအိမ် ဝေဒနာ ခံစားခဲ့ရတာကြောင့် ကိုယ့်ကိုယ်ကို ဖိုင်နယ် ကစားသမားစာရင်းကနေ ပထုတ်ဖို့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ် ။

ထိုပွဲရဲ့ ပွဲအစ ၁၀မိနစ်ဝန်းကျင်မှာပဲ ဗဟို အတွင်း ခံစစ် နေရာ ကစားခဲ့တဲ့ သီယာဂို ဆေးလ်ဗား ထိခိုက် ဒဏ်ရာ ရခဲ့ပေမယ့် ၊ အရန်စာရင်းမှာ ခရစ်တန်ဆန် ရှိမနေခဲ့တာကြောင့် ၊ ယင်းဘရာဇီးသားဟာ ဒဏ်ရာမှာ ဆေးဖြန်းပြီး ပွဲပြီးတဲ့ အထိ တောင့်ခံ ကစားပေးသွားခဲ့ရပါတယ် ။

ချဲလ်ဆီးအသင်းမှ ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်ကို ငြင်းဆန်ခဲ့သလို ရာသီအကုန်မှာ ဘာစီလိုနာသို့ အလွတ်နဲ့ ပြောင်းရွှေ့တော့မယ့် အပြင် ၊ အရေးပါတဲ့ ဖိုင်နယ်တပွဲကို ပါဝင်ဆင်နွှဲဖို့ ငြင်းဆန်ခဲ့ခြင်းကြောင့် ချဲလ်ဆီး ပရိသတ်တွေကတော့ ခရစ်တန်ဆန် အပေါ် အတော်လေး ဒေါသပုန်ထခဲ့ကြပါတယ် ။

အာဆင်နယ် ဂန္တဝင် နောက်ခံလူဟောင်း မာတင်ကီအွန်ကလည်း အသက် ၂၆နှစ် အရွယ်ရှိ ခရစ်တန်ဆန်ရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ် အပေါ် ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ရင်း ၊ ဖိုင်နယ်ပွဲတပွဲ နောက်တကြိမ် ဘယ်တော့ ပြန်ကစားရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အကြောင်းလည်း သတိပေးလိုက်ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ကီအွန် က ” အက်ဖ်အေဖလား ဗိုလ်လုပွဲရဲ့ ကစားသမား စာရင်းမှာ သူ ဘာကြောင့် မပါခဲ့လဲ ဆိုတဲ့ အကြောင်း သူ့ဆီက ဖြေရှင်းတာ ကျွန်တော်တို့ မကြားရသေးပါဘူး ။ ဒါပေမယ့် ဖိုင်နယ်မတိုင်ခင် ၃ရက်အလိုကပဲ သူဟာ လိဒ်စ်နဲ့ ပွဲမှာ ကစားခဲ့သေးတာကြောင့် အခု ကိစ္စ က နည်းနည်းတော့ ထူးဆန်းပါတယ် ။ ”

” ၃ယောက်တန်း ခံစစ်မှာ သူတယောက်တည်းပဲ ဖိုင်နယ်ပွဲကို မကစားခဲ့ရတာပါ ။ ဒီတော့ သူကိုယ်တိုင် ဒီဖိုင်နယ်မှာ မပါချင်လို့ ကိုယ့်ကိုယ်ကို ပထုတ်လိုက်တာလား ။ ဒါမှမဟုတ် ဒီလို ဖိုင်နယ်မျိုးကို မကစားပေးချင်တာပဲလား ။ နောက်ထပ် အကြောင်းပြချက်တွေ ကျွန်တော် စဉ်းစားလို့ ရပါသေးတယ် ။ ”

” ကျွန်တော်သာ သူ့နေရာမှာဆို ဘာလို့ ဒီလို လုပ်ရမှာလဲ ? နောက်ထပ် ဖလားဗိုလ်လုပွဲ တပွဲ ဘယ်တော့ ထပ်ကစားရမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး ။ ကစားသမား ဘဝတုန်းက ကျွန်တော်ဟာ ဒီလို ဖိုင်နယ်ပွဲတွေ ကစားခွင့် ရဖို့အတွက်ပဲ ရေကုန်ရေခမ်း ကြိုးစား အားထုတ်ခဲ့တာပါ ။ ”

” ဘယ်နည်းနဲ့မှ ဖိုင်နယ်ပွဲ အတွက် ကစားသမား စာရင်းကနေ ကိုယ့်ကိုယ်ကို ပထုတ်ဖို့ ကြိုးစားသွားမှာ မဟုတ်ပါဘူး ။ ရီးဒင်းမှာ ကျွန်တော် ကစားခဲ့တုန်းက ဒဏ်ရာရတဲ့ ကာလတွေမှာ ကျွန်တော့ကို လစာမပေးဖို့ ပြောခဲ့တယ် ဆိုတာ ရီးဒင်း မန်နေဂျာဟောင်း စတိဗ် ကော်ပယ်လ်က အတည်ပြုပေးနိုင်ပါတယ် ။ ”

” အလကားနေရင်း ကျွန်တော် လစာလည်း မယူချင်ပါဘူး ။ ဒါက ကိုယ့်အတွက်ရော ဘောလုံး ကလပ် တသင်း အနေနဲ့ပါ ဘယ်လိုမှ မမှန်ကန်ဘူးလို့ ခံစားရတာကြောင့်ပါ ။ သူတို့ကလည်း ကျွန်တော့ကို ထူးထူးခြားခြား ပြဿနာ ရှာတာမျိုး မရှိခဲ့တာကြောင့် ကျွန်တော်လည်း ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ခင်ဗျားအနေနဲ့ ကိုယ်ပိုင် စံချိန်စံနှုန်း တခု သတ်မှတ်ထားလား ၊ မသတ်မှတ်ထားလား ၊ ဒီ ၂ခုထဲက တခုပဲ ရှိပါတယ် ။ ဒီတော့ ကိုယ်ကစားပေးနိုင်တုန်း အချိန်မှာ ကစားရပါမယ် ။ ကျွန်တော်ဟာ ရောက်ရာကလပ်တိုင်းမှာ စာချုပ် သက်တမ်းကုန်တဲ့အထိ ကစားပေးခဲ့ပါတယ် ။ ဒါကလည်း ကိုယ့်ကိုယ်ကို လိပ်ပြာလုံချင်တဲ့ အတွက် လုပ်ခဲ့တာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR