လီဝမ်ဒေါစကီး နေရာ ဘိုင်ယန်တို့ အစားထိုး ခေါ်ယူသင့်တဲ့ တိုက်စစ်မှူး တဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဂျရုန်း ဘိုတန်

ပိုလန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ် အသင်းမှ ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်ကို ငြင်းပယ်ခဲ့ပြီးနောက် ၊ လာမယ့် နွေရာသီမှာ အသင်းသစ် ရှာပုံတော် ထွက်ဖို့ သေချာသလောက် ရှိလာပါတယ် ။

အသက် ၃၃ နှစ် အရွယ် လီဝမ်ဒေါစကီး ဟာ ၂၀၁၄ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ဒေါ့မွန်ကနေ ဘိုင်ယန်သို့ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၊ တဦးချင်း အံ့သြဖွယ် မှတ်တမ်းကောင်းတွေရော ၊ ကလပ်လိုက် အောင်မြင်မှု များစွာ ဆွတ်ခူးခဲ့ပြီးနောက် ၊ စွန့်စားခန်း အသစ် ရှာဖွေဖို့ စိုင်းပြင်းနေပါတယ် ။

ဘိုင်ယန်မြူးနစ်ဖက်ကတော့ လီဝမ်ဒေါစကီး အသင်းပြောင်းလိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တစုံတရာ အတည်ပြုထားတာမျိုး မရှိသေးပေမယ့် ၊ ၄င်းရဲ့ နေရာ အစားထိုးဖို့ တိုက်စစ်မှူးသစ် တဦးဦးကို ခုကတည်းက ကြိုတင် စောင့်ကြည့်နေမှာတော့ သေချာပါတယ် ။

လက်ရှိ လိုင်ယွန် ခံစစ်မှူး တဦးလည်းဖြစ် ၊ ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း တဦးလည်း ဖြစ်တဲ့ ဂျရုန်း ဘိုတန်ကတော့ အသင်းဖော်ဟောင်း လီဝမ်ဒေါစကီးရဲ့ နေရာကို တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အစားထိုး ဖြည့်တင်းသင့်ကြောင်း အသင်းဟောင်းထံ အခုလိုပဲ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ် ။

Sky Germany နဲ့ တွေ့ဆုံခဲ့ရာမှာ ဘိုတန် က ” ကျွန်တော်သာဆိုရင်တော့ ဘိုင်ယန် အတွက် ဟယ်ရီကိန်းကို အခုချက်ချင်း ခေါ်ယူဖို့ ချိတ်ဆက်သွားမှာပါ ။ ဒါက ကျွန်တော့ရဲ့ အမြင် တခုတည်း ဖြစ်ပါတယ် ။ သူဟာ တော့တင်ဟမ်မှာ နေ့စဉ်နေ့တိုင်း ဂိုးသွင်းပေးနိုင်တဲ့ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တဦးလည်း ဖြစ်ပါတယ် ။ ”

” တော့တင်ဟမ် ဟာ အရမ်းကောင်းတဲ့ ကလပ် တသင်း ဖြစ်ပေမယ့် ၊ ကမ္ဘာ့အဆင့် အသင်းမျိုးတော့ မဟုတ်ပါဘူး ။ သူသာ ဘိုင်ယန်လို အသင်းမှာ ကစားခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ ဒါဟာ ဘောလုံး ကစားသမား တယောက်ရဲ့ အသက်အရွယ် အရလည်း ကြီးကျယ်တဲ့ အစားထိုးမှု တရပ် ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ် ။ ”

ဆက်လက်ပြီး ဘိုတန် က ” ( လီဝမ်ဒေါစကီး ဘိုင်ယန်ကနေ ထွက်ခွာဖို့ တွန်းအားပေးနေတဲ့ အပေါ် ) ကျွန်တော်တော့ မအံ့သြမိပါဘူး ။ ဒါကို အခြေအနေ တစတစ ကြီးထွားလာတာကို ကြည့်ရင် ခင်ဗျားတို့လည်း သတိထားမိကြမှာပါ ။ သူ့လို ကစားသမားမျိုးဟာ အခုလို အသက်အရွယ်မှာ မတူညီတဲ့ စွန့်စားမှု တခုခုကို ရှာဖွေဖို့ အလိုရှိတတ်ပါတယ် ။ ”

” ကျွန်တော်တို့မှာလည်း ဒီလိုမျိုး စိတ်ကူး ၊ ထင်မြင်ချက်တွေ ရှိကြတာပါပဲ ။ ခင်ဗျား အနေနဲ့ ဒီအခြေအနေမျိုးမှာ ဟိုဖက်ဒီဖက် တင်းမာမှု ရှိစရာမလိုပဲ မျှမျှတတ လက်ခံလို့ရပါတယ် ။ ဒါဟာ ဘိုင်ယန်အတွက်တော့ ခက်ခဲတဲ့ အခြေအနေ တရပ် ဖြစ်ပါတယ် ။ ”

” အခုဆို အားလပ်ရက် ကာလ ရောက်ရှိလာပြီ ဖြစ်တာကြောင့် ၊ ၂ဦး၂ဖက် အတွက် ကောင်းမွန်တဲ့ ဖြေရှင်းချက် တခုခု ရှာဖွေဖို့ အချိန် လုံလုံလောက်လောက် ရနေပါပြီ ။ အဆုံးမှာ ၂ဦး၂ဖက် ပြေလည်မှု ရဖို့ကပဲ အရေးကြီးပါတယ် ။ လက်ရှိ သတိထားမိသလောက်တော့ ရောဘတ်ဟာ လာမယ့် နွေရာသီမှာ အသင်းက ထွက်ခွာချင်နေပါတယ် ။ ”

” ဘိုင်ယန်ဖက်ကတော့ လောလောဆယ်အချိန် အထိ No လို့ ပြောနေဆဲပါပဲ ။ ဒါကလည်း နားလည်ပေးလို့ ရပါတယ် ။ ဒါပေမယ့် သူတို့မှာ ရောဘတ်နေရာ အစားထိုးမယ့် တိုက်စစ်မှူး ရှာဖွေဖို့ နွေတတွင်းလုံး အချိန် ရပါတယ် ။ ဒါမျိုးဟာ တခြား ကစားသမားတွေမှာလည်း ဖြစ်တတ်တာပါပဲ ။ ”

” ရှေ့တနှစ်ကဆို သီယာဂို အသင်းပြောင်းချင်ခဲ့တာပါ ။ ဒီတော့ အခု ရောဘတ် အသင်းပြောင်းမယ့် ကိစ္စကလည်း ဖြစ်နိုင်ပါတယ် ။ ၂ဖက်လုံး အတွက် မျှတတဲ့ ဖြေရှင်းချက် တခုခု ရလာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR