ယခင်က ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတဲ့ လီဝမ်ဒေါစကီးကို ဘာစီလိုနာနဲ့ အပြိုင် စောင့်ကြည့်နေတဲ့ ချဲလ်ဆီး

ပိုလန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ဟာ ၈နှစ်ကြာ ကစားပေးလာတဲ့ ဘိုင်ယန်မြူးနစ် အသင်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း စွန့်ခွာတော့မှာ ဖြစ်ပါတယ် ။ ဘိုင်ယန်ဖက်က လီဝမ်ဒေါစကီးကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ၊ ကစားသမားဖက်က ကြည်ကြည်ဖြူဖြူပဲ ငြင်းဆန်ခဲ့ပါတယ် ။

အသက် ၃၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ လီဝမ်ဒေါစကီးကို ဘာစီလိုနာ အသင်းက ခေါ်ယူဖို့ ထိပ်ဆုံး က ဦးဆောင်နေပေမယ့် ၊ ယင်း ကတ်တလန် အခြေစိုက် ကလပ်အနေနဲ့ လာလီဂါမှ ချမှတ်ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ ဆောင်ရွက်ဖို့လည်း လိုအပ်နေပါတယ် ။

တဖက်မှာ တိုက်စစ်မှူး ပြဿနာ ရှိနေတဲ့ ပရီးမီးယားလိဂ် အင်အားကြီး ကလပ် တသင်း ဖြစ်တဲ့ ချဲလ်ဆီး ဟာ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်းမှာ ရောက်ရှိလာခဲ့တဲ့ ရိုမီလူ လူကာကူကို နောက်ရာသီ ဆက်မသုံးဖြစ်ဖို့ အလားအလာ များလျက် ရှိပါတယ် ။

မကြာသေးခင်ကမှ လူကာကူရဲ့ အေးဂျင့်ဖြစ်သူ ပက်စတိုရယ်လိုမှ ၄င်းရဲ့ ကစားသမား ဟာ ချဲလ်ဆီးမှာ ပြဿနာ အရှုပ်အရှင်း ကိစ္စတွေ ရှိနေကြောင်း ထုတ်ဖော် ဝန်ခံခဲ့ပြီးနောက် ၊ ယင်း ဘယ်လ်ဂျီယမ်သားရဲ့ ချဲလ်ဆီးမှ အနာဂတ်ဟာ ဝေဝါးသည်ထက် ဝေဝါးလာပါတယ် ။

ဒါ့အပြင် နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပြန်ပြလာတဲ့ လူကာကူကို ဆက်တိုက် ပြန်သုံးနေပေမယ့် ၊ လာမယ့် ရာသီအထိတော့ ၄င်းကို တည်ပြီး နည်းစနစ် အပြောင်းအလဲတွေ လုပ်သွားဖို့ စိတ်ကူးမရှိတော့ကြောင်း အင်္ဂလိပ် မီဒီယာတွေက ဖော်ပြလာကြပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီးသာ လူကာကူကို ရောင်းထုတ်ဖြစ်ခဲ့ရင် တိုက်ရိုက် အစားထိုးဖို့ အဓိက ပစ်မှတ်ထားမှာက ဘိုင်ယန်ကနေ အလွတ်နဲ့ ထွက်ခွာတော့မယ့် လီဝမ်ဒေါစကီး ဖြစ်ဖို့ များကြောင်း Goal သတင်းဌာန က အတည်ပြု ဖော်ပြခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ ယင်းပိုလန်ဂိုးသွင်းစက်ကို အခုအခါမှာ ပထမဆုံး အကြိမ် ခေါ်ယူဖို့ စိတ်ဝင်စားလာတာ မဟုတ်ပဲ ၊ ယခင် အားထားရတဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာ ထွက်ခွာသွားကတည်းက ၄င်းကို ခေါ်ယူဖို့ အကြိမ်ကြိမ် ချိတ်ဆက် ကြိုးစားကြည့်ခဲ့ဖူးပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းကလည်း ချဲလ်ဆီး ဟာ လီဝမ်ဒေါစကီးကို ဒေါ့မွန်မှ အာလင်း ဟာလန်းကဲ့သို့ ပထမ ဦးစားပေး တိုက်စစ်မှူး ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပြီး ၊ ၄င်းတို့အနက် တဦးမှ ခေါ်ယူဖို့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် လူကာကူကို အစားထိုး ဝယ်ယူခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် ဂျာမန် ဘွန်ဒက်စ်လီဂါမှာ နှစ်များစွာ ကျင်လည်ခဲ့ပြီးနောက် ဂျာမန် ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် တတ်ထားတာကြောင့် ၊ ဘွန်ဒက်စ်လီဂါမှ ကစားသမား အချို့ ရှိနေတဲ့ ချဲလ်ဆီး အသင်းဟာ လီဝမ်ဒေါစကီး အတွက် အဓိက ဦးစားပေး ရွေးချယ်မှုတွေထဲမှာ သေချာပေါက် ပါဝင်နိုင်ပါတယ် ။

SPORTS MYANMAR