ရိုးမားရဲ့ နောက်ထပ် စံချိန် တခုကို လိုက်မှီခဲ့ခြင်းနဲ့ အတူ ပြိုင်ဖက် ဘိုဒို ပရိသတ်တွေကိုပါ ထိုးနှက်လိုက်တဲ့ အေဘရာဟမ်

မနေ့ည က ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲတပွဲမှာ ဟိုဆေး မော်ရင်ဟိုရဲ့ ရိုးမား အသင်းဟာ နော်ဝေးကလပ် ဘိုဒို-ဂလင့်မ် အသင်းကို ၄ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ၊ ပထမ အကျော့မှာ ၂ – ၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ၊ ၂ကျော့ပေါင်း ရလဒ် ၅ – ၂ နဲ့ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ အိမ်ရှင် ရိုးမားတို့ဟာ ပထမပိုင်း နာရီဝက် အတွင်းမှာတင် ၃ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ၊ ဒုတိယပိုင်း ပြန်အစ ၄မိနစ် အကြာမှာလည်း ကွင်းလယ်လူ ဇန်နီယိုလို က သူ့အတွက် ဟက်ထရစ် ဖြစ်စေမယ့်ဂိုး ၊ ရိုးမား အတွက် အပိတ်ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။

ခြေစွာနေတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ဟာလည်း ပွဲချိန် ၅မိနစ်မှာတင် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ကာ ၊ ရိုးမားအသင်းရဲ့ နောက်ထပ် စံချိန်ကောင်း တရပ်ကို ထပ်မှီနိုင်ခဲ့ပြန်ပါတယ် ။ အေဘရာဟမ် ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး အရေအတွက် ၂၄ဂိုး အထိ ရထားပြီး ဖြစ်ပါတယ် ။

ရိုးမား အတွက် ကစားပေးတဲ့ ပထမဆုံး ရာသီမှာ ပြိုင်ပွဲစုံ ၂၄ဂိုး သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးတွေ ဆိုလို့ ၊ ဖရန်ချက်စကို တော့တီနဲ့ အီဒင် ဂျက်ကိုတို့ ၂ဦးသာ ရှိခဲ့ပါတယ် ။ ဒီတော့ အေဘရာဟမ် ဟာ ၄င်းတို့ ၂ဦးရဲ့ မှတ်တမ်းကောင်းကို လိုက်မှီနိုင်တဲ့ တတိယမြောက် ရိုးမား ကစားသမား ဖြစ်လာပါတယ် ။

ဒါ့အပြင် အေဘရာဟမ် ဟာ ပွဲအပြီး ၄င်းရဲ့ အင်စတာဂရမ် အကောင့်မှတဆင့် ပထမအကျော့ နော်ဝေးမှာ ကစားခဲ့စဉ်က သူ့ကို နှင်းဘောလုံးတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဘိုဒို ပရိသတ်တွေကို ပြန်ထိုးနှက်တဲ့ အနေနဲ့ ‘ ရောမမှာ ဘာနှင်းဘောလုံးမှ မရှိဘူး ၊ ဆီမီးဖိုင်နယ်ဆီ ငါတို့ ချီတက်လာပြီ ‘ လို့ ရေးတင်ခဲ့ပါတယ် ။

ရိုးမား နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟိုကလည်း ၄င်းတို့ဟာ လူတွေ ထင်ထားတာထက် အများကြီး ပိုကောင်းအောင် ကစားနိုင်ကြောင်းကို Sky Italia သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ သုံးသပ် ပြောဆိုသွားခဲ့ပါတယ် ။

မော်ရင်ဟို က ” ကစားပုံက ကောင်းခဲ့ပြီး ၊ အနိုင်ရခဲ့တာက အံ့သြဖွယ်ကောင်းပါတယ် ။ ကစားပုံ ကောင်းပြီး ရှုံးနိမ့်ရတာမျိုးက လူတိုင်းတော့ မနှစ်သက်နိုင်ကြပါဘူး ။ ကိုယ်ပိုင် ကစားဟန် ရှိကြောင်း ကာကွယ်လိုတဲ့ အသင်းတွေသာ ရှုံးတဲ့အခါ ဒီလိုမျိုး ပြောကြတာ ဖြစ်ပါတယ် ။ ဒါပေမယ့် သူတို့ဟာ အဆုံးမှာ ဘာအောင်မြင်မှုမှ မရတတ်ကြပါဘူး ။ ”

” ရိုးမား ဟာ လူတွေ ထင်ထားတာထက် ၊ ချီးကျူးနေတာထက် ပိုကောင်းအောင် ကစားနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ဟန် ရှိတယ် ဆိုပြီး ပါးစပ်က ထုတ်ပြောတာက လွယ်လွန်းပါတယ် ။ ကျွန်တော်တို့ဟာ စုစည်းမှု ၊ ကျစ်လျစ်မှု အပြည့် ရှိတာကြောင့် နောက်ပိုင်း ပွဲတွေမှာ ရှုံးပွဲ မတွေ့နေတာ ဖြစ်ပါတယ် ။ ”

” ဒီနေ့မှာလည်း အသင်း အပေါ် ဘာမှ ယုံမှားသံသယ ဖြစ်ခဲ့တာမျိုး မရှိပါဘူး ။ ဘယ် ပြိုင်ဖက်မျိုးကို မဆို အရှက်ခွဲစရာ မလိုတဲ့ အကြောင်း ပထမပိုင်း အပြီး ကျွန်တော် အသင်းသားတွေကို မှာကြားခဲ့ပါသေးတယ် ။ ဒီနေ့မှာ ကျွန်တော်တို့ဟာ အုပ်စုတွင်း ကစားခဲ့စဉ် သူတို့ကို နော်ဝေးမှာ ၆ – ၁ ရှုံးခဲ့သလို အရှက်ခွဲနေတာ မဟုတ်ပါဘူး ။ ”

” ဒါဟာ ဆီမီးဖိုင်နယ် တက်ရောက်ဖို့ အကြောင်းသာ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ ကစားသမားတွေလည်း အနည်းငယ် မောပန်းလာကြပါတယ် ။ ကျွန်တော်တို့ဟာ ကွန်းဖရန့်လိဂ် ၁၂ပွဲ အထိ ကျော်ဖြတ်လာပြီးပါပြီ ။ ကြာသပတေးနေ့တွေမှာ ကစားရတာ ပွဲပိုပန်းရပေမယ့် ၊ ကျွန်တော်တို့ဟာ အီတလီ အလံကို ကိုယ်စားပြု လွှင့်ထူနေဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR