ဒီရာသီ ရိုးမားနဲ့ အတူ ဂိုးသွင်းခြေတွေ့နေပြီးနောက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက် ဖွင့်ဟခဲ့တဲ့ အေဘရာဟမ်

ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီထွက် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကစားသမား ဘဝ တိုးတက်ရေး အတွက် ပုံမှန် နေရာရဖို့ မသေချာတော့တဲ့ ငယ်ဘဝ ကလပ်ကနေ ရိုးမား အသင်းသို့ ပေါင် ၃၅သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။

လက်ရှိ ရိုးမား နည်းပြ ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟို ဟာလည်း အေဘရာဟမ်ကို သူ့ရဲ့ ပွဲထွက် တိုက်စစ်မှူး အဖြစ် အသုံးပြုဖို့ လိုလိုလားလားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၊ ကတိပေး ဆွဲဆောင်ခဲ့သလိုမျိုးလည်း အသင်းမှာ ပုံမှန် နေရာပေးထားပါတယ် ။

လောလောဆယ်မှာ အေဘရာဟမ် ဟာ စီးရီးအေ ပွဲပေါင်း ၃၀ ကစားထားပေးပြီး ၊ ၁၅ဂိုး သွင်းယူထားကာ ၊ ၃ဂိုး ဖန်တီးပေးထားပါတယ် ။ အသက် ၂၄နှစ် အရွယ် ယင်း အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟာ အီတလီမြေမှာ ပြသနေတဲ့ ခြေစွမ်းကောင်းတွေကြောင့် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို တဖန် ရရှိနေကြောင်း အင်္ဂလိပ် မီဒီယာတွေက ဆိုထားပါတယ် ။

Talksport သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ အေဘရာဟမ် က အနာဂတ် တချိန်ချိန်မှာ သူ ကြီးပြင်းခဲ့တဲ့ အင်္ဂလန်နဲ့ ပရီးမီးယားလိဂ်သို့ တကျော့ပြန် ရောက်လာဖို့ ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟရင်း ၊ ရိုးမားနဲ့ စာချုပ် ရှိနေစဉ် ကာလ အတွင်းမှာတော့ ဆုဖလား အောင်မြင်မှု တခုခု ရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ပြောဆိုခဲ့ပါတယ် ။

အေဘရာဟမ် က ” ကျွန်တော် ဟာ ပရီးမီးယားလိဂ် ပွဲတွေကို ကြည့်ပြီး ကြီးပြင်းလာတဲ့ ဘောလုံးသမား တယောက်ပါ ။ မတူညီတဲ့ ကလပ်တွေမှာ အသီးသီး အောင်မြင်ခဲ့ကြတဲ့ ကစားသမားတွေကို ကြည့်မိတိုင်း သူတို့လို တနေ့ ဖြစ်လာရမယ် ဆိုပြီး ကျွန်တော် အမြဲ တွေးခဲ့ဖူးပါတယ် ။ ”

” အင်စတာဂရမ် သုံးရင်းနဲ့ သတင်းတင်တဲ့ အကောင့်တွေမှာ တမ်မီ အေဘရာဟမ် က ဘယ်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟလ ထွက်နေပါတယ် ဆိုပြီး မြင်ရကြားရတာဟာ ကျွန်တော့ အတွက် ဝမ်းမြောက်စရာဖြစ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ အခုအချိန်မှာ ရိုးမား အသင်း အတွက်ပဲ အပြည့်အဝ အာရုံစိုက်ရမှာပါ ။ ”

” သတင်းစာမျက်နှာတွေမှာ ဒီလို တခြား အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းထွက်တာကို ကြားရတာ ကစားသမား တယောက် အနေနဲ့ ကိုယ်ကြိုးစားသမျှ တခုခု အရာထင်တယ်လို့ ခံစားရစေပါတယ် ။ ဒီလို ပုံစံကောင်း ဆက်လက်ပြသနိုင်ဖို့ ကြိုးစားခြင်းက တခြား ကလပ်တွေနဲ့ သတင်းထွက်တာကို ဆက်ဖြစ်စေပါလိမ့်မယ် ။ ”

” လောလောဆယ်မှာတော့ သတင်းတွေက ဟိုတပေါက် ဒီတပေါက် ထွက်နေတာပဲ ရှိတာပါ ။ ကျွန်တော့ အနာဂတ် ဘယ်လို ဖြစ်လာမလဲ ဆိုတာ ဘယ်သူက သိမှာလဲ ? ဟုတ်ပါတယ် ။ ကျွန်တော် ဟာ အင်္ဂလန်မှာ ကြီးပြင်းပြီး ၊ လန်ဒန်သား တယောက် ဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ ဆူညံသံတွေ တဖန် ညံစေဖို့ ကျွန်တော် တနေ့ ပြန်လာမှာပါ ။ ”

” ဒါပေမယ့် အခုအချိန်မှာတော့ ရိုးမား အတွက်ပဲ ကျွန်တော် အာရုံစိုက်နေပါတယ် ။ သူတို့ အတွက် အကောင်းဆုံး ကြိုးစား ပံ့ပိုးပေးနိုင်ဖို့ပဲ လုပ်နေတာပါ ။ ရိုးမား ဟာ နှစ်ပေါင်းများစွာ ဆုဖလားတွေ မဆွတ်ခူးခဲ့တာ ကြာပါပြီ ။ ဒီတော့ သူတို့နဲ့ အတူ ကျွန်တော် အောင်မြင်မှု တခုခု ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR