အမည်မတပ်ပေမယ့် ခရစ္စတန်ဆန် နဲ့ ဖရန့် ကက်စီး ကို ခေါ်ယူဖို့ အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပြီလို့ ထုတ်ကြွားသွားတဲ့ လာပေါ်တာ

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌကြီး ယိုဟန် လာပေါ်တာ က သူတို့ အသင်းဟာ ချဲဆီး ခံစစ်မှုး ခရစ္စတန်ဆန် နဲ့ အေစီ မီလန် ကွင်းလယ် ကစားသမား ဖရန့် ကက်စီး တို့ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။

ကစားသမား နှစ်ယောက် စလုံး ရဲ့ လက်ရှိ စာချုပ် သက်တမ်းတွေဟာ ရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်လို့ အခု ကတည်းက အကြိုသဘောတူညီမှု ကြိုတင် ရယူခွင့် ရှိနေပါတယ်။ ခရစ္စတန်ဆန် ဟာ ဘာစီလိုနာနဲ့ ချိတ်ဆက်နေတဲ့ သတင်းတွေ ထွက်ပေါ်ထားခဲ့တာ ကြာပြီ ဖြစ်သလို ၊ ဖရန့် ကက်စီး ကတော့ သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်သီး ကလပ် တော်တော်များများ က မျက်စကျနေတဲ့ အကြားက ဘာစီလိုနာ နဲ့ ဈေးတည့်သွားခဲ့တာ ဖြစ်ပါတယ်။

မနေ့ညကတော့ ဘာစီလိုနာ ဥက္ကဌ ယိုဟန် လာပေါ်တာ ဟာ ကတ်တလန် မီဒီယာ ဖြစ်တဲ့ RAC1 နဲ့ ကို လက်ခံ တွေ့ဆုံကာ အင်တာဗျူးခွင့် ပေးခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကစားသမားတွေ ရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေမယ့် ၊ အပြောင်းအရွှေ့ ကိစ္စတွေ အပြီးသတ် လုပ်ဆောင် ထားပြီးပြီ ဖြစ်တဲ့ အကြောင်းကို အခုလို ပြောပြသွားခဲ့ ပါတယ်။

“ ကျနော် တို့ ဟာ လာမယ့် ဘောလုံးရာသီ အတွက် ပြင်ဆင်တဲ့ အနေနဲ့ ကစားသမား နှစ်ယောက် ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါပြီ။ တစ်ယောက် က ကွင်းလယ် ကစားသမား ဖြစ်ပြီး ၊ အခြား တစ်ယောက် က ခံစစ်မှုး ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ နာမည်တွေကို ထုတ်ဖော်ခွင့် ကျနော့်မှာ မရှိပါဘူး” လို့ ဘာစီလိုနာ ပရိသတ်တွေ ကို အသိပေးသွားခဲ့ ပါတယ်။

အပြောင်းအရွှေ့ ဈေးကွက် နဲ့ ပတ်သက်လာရင် ဂုရုကြီး တစ်ပါးလို့ တင်စားထားတဲ့ ဖာဘရီဇီယို ရိုမာနို ကတော့ လာပေါ်တာ ဟာ ဖရန့် ကက်စီး နဲ့ ခရစ္စတန်ဆန် တို့ကို ရည်ညွှန်း ပြောဆိုသွားတာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုသွားခဲ့ ပါတယ်။

ကတ်တလန် သတင်းတွေ အရတော့ ဘာစီလိုနာ ဟာ ရာသီ အကုန်မှာ တိုက်စစ်မှုးသစ် တစ်ယောက် ထပ်မံ အားဖြည့်ဖို့ ကြိုးစားနေတယ်လို့ ရေးသားနေကြပါတယ်။ အစောပိုင်းမှာ ဒေ့ါမွန် က ဟာလန်း ၊ ပီအက်စ်ဂျီ က ဘာပေ တို့နဲ့ သတင်းတွေ ထွက်ခဲ့သည့်တိုင်အောင် ဥက္ကဌကြီး က ငြင်းပယ်သွားခဲ့ပြီး ၊ အသင်းရဲ့ ဘဏ္ဍာရေး ကို ထိခိုက်လာနိုင်တဲ့ ကစားသမားတွေကို ခေါ်ယူမှာ မဟုတ်တဲ့ အကြောင်း အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ ဟာလန်း နဲ့ ဘာပေ လား? အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ကျနော့်ဆီ သေချာ တင်ပြကြပြီးပါပြီ ၊ ဒါကြောင့် ဒီလို အပြောင်းအရွှေ့တွေကို လက်ခံကြမှာ မဟုတ်ပါဘူး။ ကျနော်တို့ အသင်းက ခေါ်ယူနိုင်တဲ့ အင်အားမျိုး ရှိရင်တောင် ၊ ခေါ်ယူခွင့် ပေးကြမှာ မဟုတ်ပါဘူး။ ကျနော် ကတော့ သူတို့ဟာ ဘာစီလိုနာ နဲ့ အဝေးကြီးမှာလို့ပဲ မြင်ပါတယ်။

ဒါပေမယ့် ထိပ်တန်း ကစားသမားတွေ ဟာ ဘာစီလိုနာ ကို လာပြီး ကစားချင်နေကြပါတယ်။ ဒီအချိန်မှာ လီဝန်ဒေါ့စကီး ၊ ဆာလာ တို့ဟာ ကျနော်တို့ နဲ့ ဆက်သွယ် စကားပြောနေတယ်လို့ အာမချောင်ချင်ပါဘူး။ တော်ကြာ အသင်းမှာ ရှိတဲ့ သူတွေက ကျနော် ဟာ ဆွေးနွေး ညှိနှိုင်းမှုတွေ အနှောက်အယှက်ဖြစ်အောင် ပြသနာတွေ ဖန်တီးနေတယ် ဆိုပြီး ဝိုင်းပြောကြမှာလဲ စိုးပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

 

အင်္ဂလန် က သတင်းတွေမှာတော့ ဘာစီလိုနာ အသင်းရဲ့ လူငယ် ကစားသမား ဂါဗီ ဟာ စာချုပ်သစ် ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပယ်ချပြီး ၊ လီဗာပူး ထံ ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော် ရေးသားလျှက် ရှိနေပါတယ်။

သို့သော် လာပေါ်တာ ကတော့ သူတို့ဟာ ဂါဗီ အပြင် ၊ အာရာဟူဂျို ကိုပါ စာချုပ် သက်တမ်းတိုးနိုင်ဖု့ိ အတွက် တိုးတက်မှုတွေ အများကြီး ဖြစ်ပေါ်နေတယ်လို့ ရှင်းပြသွားခဲ့ပြီး ၊ အဒမာ ထရာအိုရေး ကို ခေါ်ယူဖို့ အတွက်တော့ ဝုဖ် အသင်းက ထရင်ကာအို ကို အပြီးခေါ်ယူချင်တဲ့ ဆန္ဒအပေါ်မှာ မူတည်နေတယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

SM