ဘာစီလိုနာ ကို ပြောင်းချင်လွန်းလို့ လစာလျော့ယူခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ အူဘာမီယန်း

အူဘာမီယန်း က ဘာစီလိုနာမှာ ကစားရတာဟာ ဘဝမှာ တစ်ကြိမ်တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေး ဖြစ်တာကြောင့် အာဆင်နယ် မှာ ရနေတဲ့ မက်လောက်စရာ လစာ ကို စွန့်လွှတ်ပြီး ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ်။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက် မှာ စပိန် လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နဲ့ အူဘာမီယန်း တို့ဟာ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ဂါဘွန်သားဟာ free agent အနေနဲ့ ဘာစီလိုနာကို ထွက်ခွာ သွားခဲ့တာပါ ။ အူဘာမီယန်း ဟာ အာဆင်နယ် မှာ ကစားခဲ့တဲ့ လေးနှစ်တာကာလ အတွင်း ၁၆၃ ပွဲ ကစားကာ ၉၂ ဂိုး သွင်းပေးခဲ့ပြီး အက်ဖ်အေဖလား ရယူ နိုင်ခဲ့ပါတယ် ။

အူဘာမီယန်း ဟာ ဘာစီလိုနာ အသင်းမှာ တစ်ပတ်လစာ ပေါင် ၈ သောင်းသာယူပြီး အာဆင်နယ် မှာ ရနေတဲ့ လစာထက် ပေါင် ၂ သိန်း ၇ သောင်း အထိ လျော့ယူ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

အူဘာမီယန်း က Mundo Deportivo နဲ့ အင်တာဗျူးမှာ ” ကျွန်တော် ဘာကာ ကို အမှန်တကယ် လာချင်ခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒါကြောင့် ကျွန်တော် ရနေတဲ့ မက်လောက်စရာ လစာ ကို စွန့်လွှတ်ခဲ့ပါတယ် ၊ ဘာကြောင့်လဲဆိုရင် ဘဝမှာ တစ်ကြိမ်တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေး ဖြစ်တာကြောင့်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ၂၀၂၀ ခုနှစ်တုန်းကလည်း အူဘာမီယန်း ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် အဆင်မပြေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းတော့ မရှိပါဘူး ။ လက်ရှိမှာတော့ အူဘာမီယန်းဟာ သူ ကစားချင်တဲ့ အိပ်မက်အသင်းမှာ ကစားနေရပြီ ဖြစ်ပြီး ဂိုးတွေလည်း သွင်းယူ နေနိုင်ပါတယ် ။

အူဘာမီယန်း ဟာ ဗလန်စီယာ အသင်း နဲ့ ပွဲမှာ ဘာစီလိုနာ အတွက် လာလီဂါ ပွဲဦးထွက် ကစားခဲ့ပြီး ဟက်ထရစ် သွင်းယူ နိုင်ခဲ့ပါတယ် ။ဒါကြောင့် အူဘာမီယန်း ဟာ စပိန် ၊ ပြင်သစ် ၊ အင်္ဂလန် နဲ့ ဂျာမနီ လိဂ်လေးခု စလုံးမှာ ဟက်ထရစ် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ် ။

SM