စပါး ကို ကျော်ဖြတ်ကာ ထရာအိုရေး ကို ခေါ်ယူဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေတဲ့ ဘာစီလိုနာ

 

ဝုဖ် အသင်းရဲ့ တောင်ပံ ကစားသမား ထရာအိုရေး ကို ခေါ်ယူဖို့ အတွက် ကနဦး ကမ်းလှမ်းမှုတွေ စတင်ခဲ့တာ စပါး ဖြစ်ပါတယ်။ စပါးဟာ အစောပိုင်းမှာ ပေါင် 15 သန်းနဲ့ ကမ်းလှမ်းခဲ့လို့ ၊ ပယ်ချ ခံခဲ့ရသည့်တိုင်အောင် နောက်ဆုတ်ခဲ့ခြင်း မရှိပဲ ၊ ဆက်လက် ကြိုးစားနေခဲ့တာ ဖြစ်လို့ အပြောင်းအရွှေ့ နောက်ဆုံးအချိန် မတိုင်မီ ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။

သို့သော် မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတွေ ပေါ်ပေါက်လာပါပြီ။

ဒီညနေ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ထရာအိုရေး ဟာ အသင်းဟောင်း ဘာစီလိုနာ ဆီ ပြန်သွားဖို့ အခြေအနေတွေ ကောင်းမွန်လျှက် ရှိနေတယ်လို့ အားလုံးက ရေးသားလျှက် ရှိနေပါတယ်။

The Athletic ကတော့ ကစားသမားဟာ စပါးမှာ Right Wing Back နေရာ ပြောင်းလဲ ကစားရမယ့် အိုက်ဒီယာကို အပြည့်အဝကြီး လက်ခံ သဘောကျခြင်း မရှိဘူးလို့ ဆိုပါတယ်။ အဲဒီ အချိန်မှာ ဘာစီလိုနာ က ဝင်ရောက်လာခဲ့ရင်းကနေ အလှည့်အပြောင်းတွေ ဖြစ်လာတာပါ။

ဘာစီလိုနာ ကလဲ သူတို့ရဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီ ကို ဆုံးရှုံးရတော့မှာ ဖြစ်လို့ အဲဒီနေရာကို အစားထိုးဖို့ အတွက် ရည်ရွယ်လာဟန် တူပါတယ်။ ကတ်တလန် အခြေစိုက် သတင်းစာတွေ ကတော့ ထရာအိုရေး ရဲ့ အေးဂျင့် ဂျော့ရှ် မန်ဒက် ဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကတည်းက နူးကမ့်က တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။

သို့သော် အဲဒီ အချိန်က ဒမ်ဘီလီ ရဲ့ အနေအထားက စာချုပ်သက်တမ်း တိုးမှာ လိုလို ဖြစ်နေတာကြောင့် ထရာအိုရေး ကို ပြန်ခေါ်ချင်တဲ့ အနေအထားဟာ စိတ်ဝင်စားတဲ့ အဆင့်ထက် မပိုခဲ့ပါဘူး။ လက်ရှိ အချိန်မှာ ပြင်သစ် တောင်ပံ ကစားသမား ကိုယ်တိုင်က အသင်းနဲ့ စာချုပ် သက်တမ်း မတိုးဖို့ သေချာသလောက် ရှိနေပြီ ဖြစ်တာကြောင့် ၊ ကြိုတင် အစားထိုးမှုတွေ လုပ်ဆောင်ဖို့ ခြေလှမ်း လှမ်းနေပါတယ်။

နာမည်ကျော် အားကစား သတင်းထောက် ဒေးဗစ် အော်စတိန်း က ဘာစီလိုနာ ဟာ ကနဦး အငှားစာချုပ် + ယူရို 35 သန်း နဲ့ အပြီးသတ် ခေါ်ယူခွင့်နဲ့ သဘောတူညီမှု ရယူနိုင်တော့မယ်လို့ ဆိုပါတယ်။

ဒီအနေအထားကြောင့် စပါးနဲ့ ဇာတ်လမ်းတွေ တစ်ခန်းရပ်သွားပြီလို့ နားလည်ရပြီး ၊ စပိန် လက်ရွေးစင် ကစားသမား ဟာ တစ်ချိန်က သူ ကျင်လည်ခဲ့တဲ့ ဘာစီလိုနာ အသင်းဆီ ပြန်သွားဖို့ အခွင့်လမ်းသာနေပြီ လို့ ယူဆရမှာပါ။ ဝုဖ် ဘက်ကနေ ကြည့်မယ် ဆိုရင်လဲ 18 လ သာကျန်တော့တဲ့ ကစားသမားတစ်ယောက် အတွက် ၊ စာချုပ်သစ် ချုပ်ဖို့လဲ မသေချာတော့တာမို့ ယူရို 35 သန်း ဆိုတဲ့ ပမာဏ ဟာ ငြင်းပယ်လောက်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး။

ကတ်တလန် သတင်းတွေ ကတော့ အခြေအနေ 2 မျိုး ချပြီးပြီး ကောက်ချက်ချထားပါတယ်။

အကယ်၍ လက်ကျန် အပြောင်းအရွှေ့ ချိန်မှာ ဒမ်ဘီလီသာ လမ်းခွဲသွားခဲ့ရင် ထရာအိုရေး ဟာ ဘာစီလိုနာ ကို ချက်ခြင်း ရောက်ရှိလာဖွယ် ရှိနေတယ်လို့ ဆိုထားပြီး ၊

ဒမ်ဘီလီ အသင်းမှာ ဆက်ရှိခဲ့ရင်လဲ ကစားသမား မှတ်ပုံတင်တဲ့ နေရာမှာ အဆင်ပြေစေနိုင်ဖို့ အတွက် အငှားစာချုပ် ဆိုင်ရာ ကိစ္စရပ်တွေကို သေချာ ညှိနှိုင်းပြီးမှ လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။