ရိုနယ်ဒို ဆီက မမျှော်လင့်ထားတဲ့ နှုတ်ခွန်းဆက် စကားကြောင့် အံ့သြဝမ်းသာ ဖြစ်ခဲ့ရတဲ့ မာရှယ်

 

ပြင်သစ် တိုက်စစ်မှူးလေး အန်တိုနီ မာရှယ် ကတော့ စပိန် လာလီဂါ ကလပ် ဆီဗီးလား ကို ရာသီကုန် အထိ အငှားနဲ့ ပြောင်းရွှေ့ လာခဲ့ပါပြီ ။

မာရှယ် ဟာ ကာဗာနီ ၊ ရိုနယ်ဒို ၊ ရက်ဖိုဒ့် ၊ ဆန်ချို ၊ ဂရင်းဝုဒ် တို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နေရာရဖို့ ရုန်းကန် နေခဲ့ရပြီး သူ ကစားနိုင်တဲ့ ဘယ်ညာ တောင်ပံ နဲ့ အထောင် တိုက်စစ်မှူး နေရာ အားလုံးမှာ ကစားသမားတွေ အပြည့် ဖြစ်နေခဲ့ ပါတယ် ။

ဒါကြောင့် မာရှယ် အနေနဲ့ ပွဲ ကစားခွင့် ရဖို့ နဲ့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ် အသင်းမှာ ပါဝင်ခွင့် ရနိုင်ဖို့ အတွက် ယူနိုက်တက် ကို စွန့်ခွာ လာခဲ့ရပါတော့တယ် ။

ဆီဗီးလား အသင်း ဥက္ကဌ နဲ့ ဒါရိုက်တာ မွန်ချီ တို့ဟာ မာရှယ် ကို ဦးဆောင် ကြိုဆိုခဲ့ကြပြီး နာမည်ကျော် ဆန်းချက် ပစ်ဇ်ဟွမ် ကွင်းကြီးထဲကို လိုက်လံ ပြသခဲ့ ပါတယ် ။

ဒီလို ပြသရင်း မာရှယ် ရောက်ရှိလာမှု အပေါ် ကြိုဆို ဂုဏ်ပြုထားတဲ့ ဗီဒီယို မှတ်တမ်း ၃ ခုကိုလည်း ကွင်းထက် က ဖန်သားပြင်ကြီးကနေ ပြသသွားခဲ့ ပါတယ် ။

အဲ့ဒိအထဲက ၂ ခု ကတော့ ဆီဗီးလား ကစားသမားတွေ ဖြစ်ကြတဲ့ ဂျူးလ် ကွန်ဒေ ၊ လူးကပ်စ် အိုကမ်ပိုစ့် တို့ ဖြစ်ကြပြီး မာရှယ် ရောက်ရှိ လာမှု အတွက် ဝမ်းမြောက် ကြိုဆိုကြောင်းနဲ့ မကြာခင် တွေ့ကြမယ့် အကြောင်းတွေကို ပြောသွားခဲ့ ပါတယ် ။

တတိယမြောက် ဗီဒီယို ကတော့ မာရှယ် ကိုယ်တိုင် မျှော်လင့်မထားသူ ဖြစ်ခဲ့ပြီး အံ့အားသင့် သွားခဲ့ရ ပါတယ် ။

အဲ့ဒိလူ ကတော့ သူ ငယ်ငယ် ကတည်းက အားကျ ခဲ့ရတဲ့ ဘရာဇီး တိုက်စစ်မှူးကြီး ရိုနယ်ဒို နာဇာရီယို ပါပဲ ။

ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ တို့နဲ့ လာလီဂါ မှာ ကျဉ်လည် ခဲ့ဖူးတဲ့ ရိုနယ်ဒိုကြီး ဟာ အခုချိန် မှာတော့ ဆီဂန်ဒါ ( ဒုတိယတန်း ) ကလပ် ဗယ်လာဒိုးလစ် အသင်းရဲ့ အဓိက ရှယ်ယာ ပိုင်ရှင် အဖြစ်နဲ့ အသင်းကို စီမံ ခန့်ခွဲ နေပြီ ဖြစ်ပါတယ် ။

“ဟိုင်း မာစီရယ် ၊ မင်း အဆင်ပြေရဲ့လား ၊ လာလီဂါ နဲ့ ဆီဗီးလား ကနေ ကြိုဆိုတယ်ကွာ ။ ဒီအသင်းက စပိန် နဲ့ ဥရောပ ရဲ့ အထင်ကရ အသင်းကြီးပါ ။ သူတို့မှာ တကယ် ကောင်းတဲ့ ကစားသမားတွေနဲ့ အံ့ဖွယ် ပရိသတ်တွေနဲ့ပါ ။

ဒါကြောင့် မင်းအတွက် အကောင်းဆုံး ဖြစ်ဖို့ ဆုတောင်းပေးပါတယ် ။ မကြာခင် တွေ့ကြတာပေါ့ကွာ” လို့ မာရှယ် ငယ်စဉ်က အားကျ အတုယူ ခဲ့ရတဲ့ ရိုနယ်ဒိုကြီး ဟာ ဆီဗီးလား အတွက် မေတ္တာ နဲ့ ပါဝင် ကူညီပေးသွားခဲ့ ပါတယ် ။

ဆီဗီးလား ကစားသမား ဘ၀ ပထမဆုံး အင်တာဗျူးမှာတော့ မာရှယ် က သူ့အနေနဲ့ ကစားရဖို့ ဒီကို ရောက်လာ ခဲ့တာ ဖြစ်ပြီး နည်းပြ ညွှန်ကြားတဲ့ ဘယ်လို နေရာမှာ မဆို ကစားပေးဖို့ အဆင်သင့် ရှိနေမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ သလို ဒါရိုက်တာ မွန်ချီ ၊ နည်းပြ လိုပီတီဂွီ တို့ကြောင့် ဆီဗီးလား ကို ပြောင်းလာဖို့ ရွေးချယ် ခဲ့တာ ဖြစ်တယ်လို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် ကစားဖို့ အဆင်သင့် ပါပဲ ။ နည်းပြ နဲ့လည်း စကားပြောပြီး ပါပြီ ။

ကျွန်တော့ အတွက် အရေးအကြီးဆုံး အရာ ကတော့ ကစားရဖို့ ပါပဲ ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ၊ နည်းပြက ဘာပဲ လိုချင် လိုချင် ၊ ကျွန်တော့ ဘက်က အကောင်းဆုံး ကြိုးစား သွားမှာပါ” လို့ မာရှယ် က ပြောဆို သွားခဲ့ ပါတယ် ။

ဆီဗီးလား အသင်းမှာလည်း မန်ယူနိုက်တက် မှာလိုပဲ နေရာ အလိုက် ကစားသမားတွေ ရရှိထားပြီး မာရှယ် အနေနဲ့ တိုက်စစ်မှူး နေရာ အတွက် ရာဖာမာ ၊ ယူဆပ် အန် နက်ဆရီ တို့နဲ့ နေရာလုရမှာ ဖြစ်သလို တောင်ပံ နေရာ အတွက်လည်း လာမယ်လာ ၊ အိုကမ်ပိုစ့် ၊ ပါပူ ဂိုးမက် တို့နဲ့ ယှဉ်ပြိုင် ရမှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR