အာဆင်နယ် ပစ်မှတ် ဗလာဟိုဗစ် ရဲ့ နောက်ဆုံးအခြေအနေ နဲ့ ပတ်သက်ပြီး အသိပေး ပြောကြားလိုက်တဲ့ ဖီအိုရင်တီးနား နည်းပြ

ဖီအိုရင်တီးနား အသင်း နည်းပြ Vincenzo Italiano ဟာ ဂျီနိုအာ အသင်းကို ၆ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ ဗလာဟိုဗစ် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး တပ်အပ် ပြောလို့ မရနိုင်ကြောင်း ပြောကြားလိုက်ပါတယ် ။

 

ဂျီနိုအာ နဲ့ ပွဲတွင် ဗလာဟိုဗစ် ဟာ ပွဲအစ ၁၁ မိနစ်မှာတင် ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် ဂိုးဝင်အောင် ကန်သွင်း နိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါပေမယ့် အိုဒရီယိုဇိုလာ ၊ ဘိုနာဗန်တူရာ ၊ ဘီရာဂီ တို့ရဲ့ သွင်းဂိုးတွေနဲ့ ဖီအိုရင်တီးနား အသင်းဟာ ပထမပိုင်းမှာ သုံးဂိုးပြတ် ဦးဆောင် နိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်းမှာ ပြန်လည် စတင်ချိန်မှာ ဗလာဟိုဗစ် ဟာ သူ့ရဲ့ ပင်နယ်တီ လွဲချော်မှုကို တောင်းပန်တဲ့ အနေနဲ့ ပရိသတ်တွေကို လက်မြှောက် ပြခဲ့ပါတယ် ။ ဒါ့အပြင် ဗလာဟိုဗစ် ဟာ စတုတ္တမြောက်ဂိုး သွင်းပြီးချိန်မှာလည်း လက် ထပ်မြှောက်ပြ ခဲ့ပြန်ပါတယ် ။

အာဆင်နယ် ပရိသတ်တွေကတော့ ဗလာဟိုဗစ် ရဲ့အပြုအမူဟာ သူ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေကို နှုတ်ဆက် နေတာ ဖြစ်နိုင်တယ်လို့ သုံးသပ် ယူဆခဲ့ကြပါတယ် ။

အီတလီ က သတင်းတွေမှာတော့ အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် အတွက် ဖီအိုရင်တီးနား အသင်းထံ ယူရို သန်း ၆၀ + တော်ရီးယား ကို အလိုက်ပေး ကမ်းလှမ်း ထားတယ်လို့ သိရပါတယ် ။

ဖီအိုရင်တီးနား အသင်း နည်းပြ Vincenzo Italiano ကတော့ ဂျီနိုအာ အသင်းကို ၆ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ ဗလာဟိုဗစ် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ခုလို ဖြေကြား သွားခဲ့ပါတယ် ။

” အခု အချိန်မှာ သူ(ဗလာဟိုဗစ်) အသင်းမှာ ရှိနေတာကို ကျွန်တော်တို့ နှစ်သက် သဘောကျပါတယ် ၊ သူ ကျွန်တော်တို့နဲ့အတူ ရှိနေပါတယ် ၊ အနာဂတ် မှာတော့ ဘယ်လို ဖြစ်လာမလဲ ကျွန်တော်လည်း မသိပါဘူး ။ ”

” သူ ဒီနေ့ တကယ်ကောင်းတဲ့ဂိုး တစ်ဂိုးကို သွင်းနိုင်ခဲ့ပါတယ် ၊ သူ စိတ်ဓတ် တက်ကြွမှု ရှိနေပြီး အသင်းမှာ ကစားရတာလည်း သက်သောင့်သက်သာ ရှိနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM