ကော်တင်ဟို ကို အငှားချလိုက်ပေမယ့် ဖာရန် တောရက် ကို မှတ်ပုံတင်နိုင်ခြင်း မရှိသေးတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ကော်တင်ဟို ကို အက်စ်တွန် ဗီလာ အသင်းထံ အငှားချနိုင်ခဲ့သလို ၊ ခြေစွမ်း သဘောကျရင် ရာသီ အကုန်မှာ ပေါင် 35 သန်း နဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့် သဘောတူညီချက်ပါ ထည့်သွင်းနိုင်ခဲ့ပါတယ်။

ပရိသတ် အများစုကတော့ ကော်တင်ဟို ဟာ လက်ရှိ ဘာစီလိုနာ မှာ လစာ အများဆုံး ရရှိနေတဲ့ ကစားသမားလို့ ယုံကြည်ထားတာကြောင့် ၊ သူ့ရဲ့ အပြောင်းအရွှေ့က အသစ် ခေါ်ယူထားတဲ့ ဖာရန် တောရက် ကို ကစားသမား မှတ်ပုံတင်နိုင်ဖို့ လမ်းကြောင်း ပွင့်သွားနိုင်တယ်လို့ ထင်ထားခဲ့ကြပါတယ်။

သို့သော် ကန့်လန့်ကာ နောက်ကွယ်က အဖြစ်တွေက အဲဒီလောက် အထိ မလွယ်ကူပါဘူး။

ဘာစီလိုနာ ဟာ ကော်တင်ဟို နဲ့ လမ်းခွဲနိုင်ဖို့ အတွက် အစွမ်းကုန် လိုက်လျောပြီးမှ အပြောင်းအရွှေ့ ဖန်တီးလိုက်ရတာ ဖြစ်ကြောင်းကို လက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေက သက်သေခံလျှက် ရှိနေပါတယ်။

ဗီလာ ဟာ ကော်တင်ဟို လို လစာမြင့် ကစားသမား တစ်ယောက်ကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ၊ သူတို့ အသင်းက ပေးချေရမယ့် လစာ ပမာဏဟာ 50% အောက်မှာပဲ ရှိတယ်လို့ အင်္ဂလန် မီဒီယာတွေ က အခိုင်အမာ ဆိုထားပါတယ်။ ဒါကြောင့် ဘာစီလိုနာ အနေနဲ့ ကစားသမားကို လက်လွှတ်လိုက်ရသည့်တိုင်အောင် 50% နဲ့ အထက် ရှိတဲ့ လစာပေးချေမှုမျိုးက ဆက်လက် လုပ်ဆောင်နေရဦးမှာပါ။

ဒါကြောင့်လဲ အသင်းရဲ့ စုစုပေါင်း လစာ ပေးချေမှု ပမာဏ က လျှော့နည်းသွားခြင်း မရှိပဲ ၊ ဖာရန် တောရက် ကို ကစားသမား စာရင်းမှာ မှတ်ပုံတင် နိုင်ဖို့ အတွက် အဆင်မပြေသေးဘူးလို့ အားကစား ဒါရိုတ်တာ Mateu Alemany ကိုယ်တိုင် က အခုလို ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

“ ကော်တင်ဟို ဟာ အက်စ်တွန် ဗီလာ ကို အငှားနဲ့ ပြောင်းရွှေ့သွားတာ မှန်ပေမယ့် ကျနော်တို့ အတွက် လုပ်လောက်မှု မရှိသေးပါဘူး။ ဒါကြောင့် အခုထိ ဖာရန် တောရက် ကို Register လုပ်လို့ မရသေးပါဘူး။

ဒါပေမယ့် အမြန်ဆုံး မှတ်ပုံတင်လို့ ရအောင်တော့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ မကြာခင် အဆင်ပြေသွားနိုင်ပါတယ်” လို့ စပိန် က အင်တာဗျူး တစ်ခုမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

တိုက်စစ်မှုး အဂွေးရိုး ဟာ ဘောလုံးသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်သော်လဲ ၊ ဘာစီလိုနာ က သူ့အတွက် ပေးချေထားတဲ့ လစာ ပမာဏက အများကြီး မဟုတ်တာကြောင့် ဖာရန် တောရက် ကို စာရင်းတင်ဖို့ ခက်ခဲနေတာလဲ ဖြစ်ပါတယ်။

သတင်းတွေ အရတော့ စပိန် လူငယ် ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို တရားဝင် ယူရို 55 သန်း ပေးထားပြီး ၊ စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ နောက်ထပ် ပေးချေမှုတွေ နဲ့ ပေါင်းစပ်ရင် ယူရို 72 သန်း အထိ ရောက်ရှိသွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လစာ ပေးချေမှု အပိုင်းမှာလဲ တစ်ရာသီ အတွက် အခွန်မဆောင်မီ ယူရို 11 သန်း အထိ ပေးထားတယ်လို့ The Athletic မှာ ဖော်ပြထားပါတယ်။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကတော့ တောရက် ကိုတောင် အဆင်ပြေပြေ ဖြစ်အောင် မှတ်ပုံတင်နိုင်ခြင်း မရှိသေးချိန်မှာ ၊ လစာ အများကြီး ပေးချေရမယ့် ဟာလန်း လို ကစားသမားမျိုးကိုတောင် ဘာစီလိုနာ က ခေါ်ယူပြနိုင်စွမ်း ရှိတယ်လို့ လေကျယ်နေဆဲ ဖြစ်ပါတယ်။

တကယ်၍ ဟာလန်း ကို လိုလိုချင်ချင် ပစ်မှတ်ထားနေတယ် ဆိုရင်တော့ အသင်းမှာ လစာတွေ အများကြီး ပေးထားရတဲ့ ကော်တင်ဟို ၊ အမ်တီတီ တို့ကို ရာသီ အကုန်မှာ ဆက်လက် ရောင်းချဖို့ လိုအပ်နေပြီး ၊ ဒမ်ဘီလီ ကတော့ စာချုပ်သက်တမ်း ကုန်ဆုံးသွားမှာ ဖြစ်လို့ လစာပေးချေမှု အပိုင်းမှာ အတော်အသင့် လျှော့နည်းသွားဖွယ် ရှိနေပါတယ်။

SM